MK Printing House

  • Home
  • MK Printing House

MK Printing House Printing House

ရာဘိန်ဒရာနာ့သ်တဂိုးရီးရေ ဝထုတိုကို မှီလို့ Geroge Calderon က ပြဇာတ်အဖြစ် ပြန်ဖန်တီးရေ The Maharani Of Arakan ကို ဆရာဝေသာ...
31/08/2026

ရာဘိန်ဒရာနာ့သ်တဂိုးရီးရေ ဝထုတိုကို မှီလို့ Geroge Calderon က ပြဇာတ်အဖြစ် ပြန်ဖန်တီးရေ The Maharani Of Arakan ကို ဆရာဝေသာက “မဟာရာဏီပြဇာတ်” ဆိုပနာ ရခိုင်ပိုင် ဘာသာပြန်ထားရေ စာအုပ်ပါ။

ဇာတ်လမ်းကို စကေ ပြောရဖို့ဆိုကေ ရခိုင်ပြည် (ရှိခေတ်အခေါ် -Arakan ဒေသ)ကို ရောက်ဟိ ခိုလှုံနီရေ မဂိုမင်းသမီး အာမီနာ ဇာတ်မြုပ်ပျာ နီထိုင်နီစဉ် ဒေလီယာလို့ ခေါ်ရေ ရွာသားတစ်ယောက်နန့် မေတ္တာမျှချင်ချင် ဖြစ်နီတုန်း ညီမဖြစ်တေ ရိုရှီနာရာ ရောက်လာပနာ သူ့အဖနန့် သူရို့ညီအစ်မ နှစ်ယောက်ကို မင်းပြစ်မင်းဒဏ် ပီးခရေ ရခိုင်ဘုရင်ကို လက်တုံ့ပြန်ရဖို့ဆိုပနာ လှုံ့ဆော်လာရေ။ တဖက်မှာ သူ့အဖကို ဒဏ်ပီးခရေ ရခိုင်ဘုရင် နတ်ရွာစံလားပနာ ယင်းဘုရင့် သားတော် လက်ဟိဘုရင်ကလေ့ အာမီနာကို မိဖုရားကြီး (Maharani) တင်မြှောက်ဖို့အတွက် သိမ်းပိုက်ဖို့ တပ်တော်နန့်တကွ ချီလာစွာကို သူရို့ညီအစ်မနှစ်ယောက် သိကတ်ရရေခါ အာမီနာတစ်ယောက် ကိုယ့်အဖနန့်ကိုယ်ရို့ကို ဒဏ်ပီးခရေ ဘုရင့်သားဖြစ်တေ လက်ဟိဘုရင်ကို လုပ်ကြံဖို့ အခွင့်အရေးရအောင် ယင်းဘုရင်သိမ်းပိုက်စွာကို လက်ခံဖို့လား၊ မဟုတ်ဘဲ သူ ခြီငံနီရေ ရိုးသားရေ ရွာသား ဒေလီယာနန့် အေဒေသကနီ ထွက်ပြီးလို့ ပုန်းရှောင် ပေါင်းသင်းစွာမျိုးကို လုပ်ဖို့လား။ ကိုယ်တိုင်ရာ ဖတ်ကြည့်ပါ။

ဘာသာပြန်ဆရာက စာဖတ်သားတိအတွက် ဇာတ်လမ်းနောက်ခံကို နားလည်အောင်လို့ ဆရာကြီး ဦးအောင်သာဦးရီးရေ “ရခိုင်ပြည်၏ မဟာရာနီ(ဝါ)မင်းသမီး” ဆိုရေ ဆောင်းပါး၊ ၁၅-၁၆ ရာစုလောက်က ရခိုင်ပြည်နန့် မဂို၊ ဒတ်ချ်တိကြားဆက်ဆံရေးအခြေအနေကိုလေ့ စာအုပ်မှာ ထည့်ထားပါရေ။ နောက်ပြီးကေ ရာဘိန်ဒရာနာ့သ်တဂိုး ရီးရေ ဝထုတိုကို ဗမာပိုင် ဘာသာပြန်ထားရေ ဆရာပါဂူ ဝထုတိုကိုလည်း ထည့်ပီးထားပါသိရေ။

စာအုပ်မျက်နှာဖုံးနန့် စာမျက်နှာ အပြင်အဆင်ကတော့ ကိုဈာန်ရဲထွဋ်လက်ရာပါ။ စာမျက်နှာ ကောင်း မများပါ။ ပါးပါးချေပါရာ။ တန်ဖိုးက ၁၄၀၀၀ ပါ၊ မြောက်ဦးမြို့ ၊ ကဝိကျော် စာအုပ်ဆိုင်မှာ ဝယ်ယူအားပီးနိုင်ပါရေ။

လယ်ယာသမားဖွဲ့ သာခြင်းများကပ္ပိယတစ်ဦးရခိုင်ပြည်နယ်၏ အသက်မွေးကြောသည် လယ်ယာတို့ဖြစ်ကြသည်။ လယ်ယာသမားတို့သည် ရခိုင်ပြည်နယ်၏ အ...
29/08/2026

လယ်ယာသမားဖွဲ့ သာခြင်းများ

ကပ္ပိယတစ်ဦး

ရခိုင်ပြည်နယ်၏ အသက်မွေးကြောသည် လယ်ယာတို့ဖြစ်ကြသည်။ လယ်ယာသမားတို့သည် ရခိုင်ပြည်နယ်၏ အဓိကအင်အားဖြစ်လေသည်။ ရခိုင်ပြည်နယ်သည် လယ်ယာအတွက် တောတောင်မြစ်ချောင်းများ၊ ကျွန်း ကိုင်း တို့ဖြင့် ပြည့်နှက်နေသည်။ သဘာဝရာသီဥတုကလည်း လယ်ယာအတွက် ကောင်းစွာဖန်တီးပေးလေသည်။ လူတိုင်းစေ့ လယ်ယာလုပ်ငန်းဖြင့် အသက်မွေး လာကြသူချည်းဖြစ်သည်။ ထို့ကြောင့် လယ်ယာသည် အသက်မွေးဝမ်းကြောင်းလည်းဖြစ်သည်။ ရခိုင်ပြည်သူတို့၏ ဖူလုံရေးအတွက် ပင်မစီးပွားဥစ္စာလည်းဖြစ်သည်။

ရခိုင်စာဆိုတို့သည် လယ်သမားဘဝကို သိရှိကြသူများသာဖြစ်ကြသည်။ ပတ်ဝန်းကျင် လယ်ယာလောကမှ ပေါက်ဖွားလာကြသူများပင်တည်း။ မိဘမျိုးရိုးနွယ်လာကစ၍ လယ်ယာနှင့် မကင်းကြသဖြင့် လယ်သမားလောကမှ ကြီးပွားလာသူတို့သာ ဖြစ်သည်။ ထို့ကြောင့် မင်းဧကရာဇ်ကြီး (ကောဇာ ၉၅၅-၉၇၄) လက်ထက် ထင်ရှားခဲ့သော စာဆိုတော်ဥက္ကာပျံသည် အမတ်ကြီးတစ်ဦးပင် ဖြစ်သော်လည်း လယ်သမားဘဝကို သတိရနေသူဖြစ်သည်။ အိမ်ရှေ့မင်းသား ဥပရာဇာ မင်းခမောင်းနှင့်အတူ ဟံသာဝတီ(ပဲခူး) သို့ရောက်ရှိနေစဉ် ရခိုင်ကိုလွမ်းဆွတ်၍ တစ်ဆယ့်နှစ်ရာသီရတုကို ဥပရာဇာထံ စီကုံးဆက်သွင်းခဲ့သည်။

စာဆို ဥက္ကာပျံသည် မိုးရာသီသို့ရောက်၍ ရခိုင်လယ်သမားတို့ လယ်ထွန်ချိန်ကျရောက်စဉ် လယ်ထွန်ရန်ပြင်ဆင်ကြပုံတို့ကို မြင်ယောင်လွမ်းဆွတ်လာရသည်။ ထို့ကြောင့် မိမိ၏ ရတုကဗျာတွင် –

"နတ်သားပုဇွန်၊ ကမြူးခုန်သည် ကဆုန်လွန်၊ ပေါ်ဆန်းပြန် နယုန်လ၊ သမုဒ်ရေရင်၊ တောင်လေတင်၍ ကောင်းကင်မှိုင်းဝှီးမျှတည်း၊ သွန်းဆင်းကျရွာပြန်လှာ၊ သောင်းဇမ္ဗူဝယ်၊ ရှင်လူမျိုးလေးဖြာတို့၊ ထွန်သွားရှာ ကျွဲ နွား တတ်၊ လယ်ချောင်းတောတောင်၊ လုပ်ဆောင်မျိုးချလတ်ကာ၊ ဆွတ်ဆွတ်ပူလောင်စေ" ဟု ရေးဖွဲ့ထားလေသည်။

ထို့နောက် စပါးမှည့်ချိန်ရောက်၍ လယ်ယာမြင်ကွင်းကို သတိရသည်။ ရွှေရောင်အသွင်ဆောင်လျက် မှည့်ဝင်းနေသည့် စပါးသီးနှံများကို မြင်ယောင်နေသည်။ စပါးခင်းလယ်ကွင်းများကိုလည်းကောင်း၊ ကောက်သီးတို့ကို လာစားသော ကျေးငှက်တို့ကို မောင်းနှင်နေပုံကို လည်းကောင်း၊ အားခဲလုပ်၍ အောင်မြင်စွာသီးနှံတို့ကို မြင်ရသောအခါ လယ်သမားမိသားစုတို့၏ ရွှင်ပြနေပုံကိုလည်းကောင်း စိတ်ကူးထဲတွင် ထင်လာပါသည်။ ထို့ကြောင့် စာဆိုသည် ခံစားရချက်အပြည့်အဝဖြင့် –

"တော်သလင်းလည်း၊ ထွန်းဝင်းလျှံ၊ မိုးကြီးရွာပါချေမှု၊ တောင်မြင့်ခေါင်ခေါင်၊ ခဖောင်ဖောင်သည်၊ ယာတောင်လုပ်သောသူတို့၊ ကြည့်ချေမျှ ပျော်ဖွယ်တိ၊ ကျေးငှက်နှင်သည်၊ ယာခင်းတောင်ကိုင်းရှိခဲ၊ စိတ်သတိလွမ်းဖွယ်ပင်၊ ကောက်သီးဝင်းဝင်း၊ တော်သလင်းလည်း၊ လွမ်းတင်းဘို့သာ မြင်ခဲ့၊ ကိုင်းတစ်ခွင် လယ်လုပ်သား၊ အသီးကောက်ပင်၊ မုန်းဖျင့်သားမယားနှင့်" ဟူ၍ ရေးဖွဲ့ခဲ့သည်။

စာဆို၏ကြည်နူးသော စိတ်ထားနှလုံးသားထဲမှ၊ လယ်သမားဘဝကို သတိရပုံ၊ လွမ်းဆွတ်မြင်ယောင်ပုံမှာ ရခိုင်စာဆိုတိုင်း ရှိခဲ့ကြမည်ဟု ထင်ရသည်။ ထမရာဘွဲ့၊ ဥဂ္ဂါဘွဲ့၊ ပန်းတံမောင်ဘွဲ့၊ တို့၌ လယ်သမားဘဝကို စပ်ဆိုထားပုံများ ရှိပါသေးသည်။ ဤ၌ အရွေ့သာခြင်းဖွဲ့နှင့် စပ်ဆိုသမျှကိုသာ ရေးသားရန်ဖြစ်သည့်အလျောက်၊ အဖွဲ့အနွဲ့အစုံအလင်ကို တင်ပြရန်၊ မဖြစ်ချေ။

ရခိုင်သာခြင်းစာဆို ဆရာထွန်း၏ သာခြင်းများအနက်မှ လယ်သမားဖွဲ့တို့ကို ပြိုးပြွမ်း၍ ဇာတ်လမ်းအလျှောက် တွေ့နိုင်ပေသည်။ ပဋာစာရီသာခြင်း၌ သာဝတ္ထိပြည်က မေပဋာ၏ဘခင် သူဌေးတောင်ယာကို ကျွန် ဒါသက လုပ်ပေးရသည်။ ဒါသသည် တောင်ယာအလုပ်ကို နေပူမိုးရွာမရှောင် လုပ်ရသော်လည်း၊ အဆဲအဆို အကြမ်းအမောင်းက မလွတ်သေး။ ထို့ကြောင့် မိမိဘဝလွတ်လပ်မှု မရှိဘဲ၊ အခိုင်းအစေ ကျွန်ဖြစ်နေရသည်ကို တွေး၍ ငိုယိုသည်။ ထိုကို ဆရာထွန်းက ကြင်နာသောနှလုံးဖြင့် တောင်ယာသမား ကိုဒါသဘဝကို စာဖွဲ့ဖော်ပြသည်။ မပဋာကပင် ဒါသကိုသနားပုံလည်း ရေးဖွဲ့ဖော်ပြသည်။ ထိုအဖွဲ့တွင် တောင်ယာသမား ဒါသတို့ လုပ်ငန်းနှင့် ခံစားချက်မှာ သနားစရာကောင်းသည်။ သာယာစွလေ သာခြင်း၌မှု တောင်ယာဘဝ ပျော်စရာအဖွဲ့များကို မြည်းစမ်းခဲ့ရပြီဖြစ်၏။

စေကျွန်တောင် ယာသမား

ယာတောင်တောင်မှာ၊ မောင်ဒါသလျှင်၊ ညဉ့်က နံနက်၊ နေဝန်းထွက်က၊ ဆင်းသက်လာကျင်၊ တောင်ယာပြင်မှာ၊ စာနှင့်ကောက်ရိတ်၊ နေမင်းကပူ၊ ခြိုးလည်းကြူကေ၊ လွမ်းပူ စိတ်နှင့်၊ ချွေးသိပ်အံ့ငှာ၊ ရိပ်ဆာယာမှာ၊ ခိုကာနည်းငယ်၊ မောပန်းဖြေလို့၊ နားပေတုံရှောင်း၊ ကိုယ်ဖြစ်ဟန်လည်း၊ ကံ အကြောင်းကို၊ ပြန်ပြောင်းအောက်မေ့၊ တစေ့စေ့နှင့်၊ မမွေ့မမရွှင်၊ တောင်ယာပြင်မှာ၊ စိတ်လျှင်ညစ်ကျူ၊ သူဌေးထံမှာ၊ စေကျွန် မှုကြောင့်၊ ညီညူကိုယ့်ကို၊ အလိုလာလေ၊ ငိုယိုခြင်းရာ။
(ဆရာထွန်း၏ ပဋာစာရီသာခြင်းမှ)

လယ်ယာမဲ့၊ နင်းပြားခံဘဝ

တောင်ရိုးကိုလျှင်၊ ဆွဲကာငင်ကာ၊ ယာပြင်သို့ရောက်၊ အစေခံကာ၊ ကျွန်တစ်ယောက်လည်း၊ ပေါက်တူးကိုကိုင်၊ ယာတောငူတွင်၊ နေပူထဲမှာ၊ ချွေးဖျိုင်ဖျိုင်နှင့်၊ မထိုင်ရပ်စောက်၊ သစ်ငုတ်ရှင်းမည်၊ ယာခင်းလယ်တွင် မြေကိုပေါက်လို့၊ ခမောက်မပါ၊ ဦးခေါင်းပေါ်မှာ၊ မက္ကလာမဆောင်း၊ ချွေးထွက် ကာပူ၊ သွေးပွတ်ဆူအောင်၊ နေပူထောင်းလို့၊ ပန်းညောင်းသည်ဖြစ်၊ တဟိုက်ဟိုက်နှင့်၊ အပြစ်လွတ်အောင်၊ မနားကျင်ဘဲ၊ အားအင်ထုတ်လို့၊ လုပ်ကြံဆောင်လေ၊ ယာတောင်၌တွင်၊ ပဋာရှင်လျှင်၊ စာနှင်မဲသည်၊ တဲလင့်စင်က၊ ဝင်ကာနားထောက်၊ ဒါသကျွန်ကို မြင်ပြန်မြော်ကော၊ သနားရောက်လို့။
(ဆရာထွန်း၏ ပဋာစာရီသာခြင်းမှ)

တောင်ယာလုပ်ငန်းမှာ သင်္ကြန်မတိုင်မီကပင် ခုတ်ထွင် ရှင်းလင်းပြီး မီးရှို့လျက်သားဖြစ်နေသည်။ သင်္ကြန်လွန်လျှင် ကောက်ပဲသီးနှံများကို ကောက်ချထိုးစိုက်၍ မျိုးချပျိုးလေသည်။ တော်သလင်းလတွင် မှည့်ဝင်း၍ သီတင်းကျွတ်လ ရောက်လျှင် တောင်ယာစပါးကို ရိတ်သိမ်းနိုင်လေပြီ။ လယ်ခင်းမှာဆိုလျှင် မိုးကျ နယုန်လတွင်မှ စရသည်။ ထွန်ရပျိုးရသည်မှာ ရက်ပေါင်း (၄၀) ထက်မနည်း ကြာချေသည်။ ကောက်ငယ်မျိုးဖြစ်က အလျင်သီးမှည့်၍ ကောက်ကြီးမှာမူ အချိန်ကြာလေသည်။

ဆရာထွန်းသည် ၁၂ ရာသီသာခြင်းနှင့် လယ်သမားဘဝ ကို ဖွင့်ဆိုထားချက် ပြုခဲ့သည်။ ကောက်လျင်=အလျှင်စားရသော ကောက်စပါးမှာ မိုးမရ၊ နေပူနေပြန်သဖြင့် အချိန်မီ မစိုက်ကြလိုက်ရ။ ဝါဆိုလပိုင်းကပင် ကြဲချရမည်။ ကောက် လျင်မှာ ရာသီမဖြောင့်၍ ဝါခေါင်လထိ နောက်ကျကျန်နေခဲ့ရသည်။ ထို့နောက် ကြဲစိုက်ရန်လယ်ကွက်ကို ကျဉ်းသတ် မြေညှိနေစဉ်၊ ငါးစဉ်ရိုင်းစသော ငါးများလည်း ပေါလော စီကာပေါ်လာသည်။

လယ်သမားမောင်လူပျိုက ဆိုလျှင်၊ ငါးရှာရောက်နေသော ချစ်သူရည်းစားကိုမြင်ရ၍ ပျော်ပျော်ပါးပါးကြမ်းသတ်လိုက်ရင်း ခြေကျွံ၍ ခံရခက်ကြုံလေသည်။ ထိုအခါ ချစ်သူက မြင်ယောင်ပုံတို့ကို ဖွဲ့ဆိုထားသည်မှာ လယ်သမားဘဝ ခံစားချက်တစ်မျိုးလည်း ဖြစ်သည်။

မောင်ချစ်သက်နှံ ကျဉ်းပေါက်ကျွဲ

ရွာပြင်နားတွင်၊ ကောက်လျင်သျှေသျှဉ်းခွဲ၊ နောက်ကျ ကျန်ကေ၊ ထွန်နေဆဲတွင်၊ မိုးလည်းသည်းစွာ၊ မရွာပါက၊ နေဆာဝင်းဝင်း၊ မောင်သက်နှာလေ၊ ထွန်သည်အင်းမှာ၊ ငါး စင်း၊ ငါးပြီ၊ ငါးခုံချင်းတို့၊ ကုန်းချင်းစီပျာ၊ တီတီလည်းမွမ်း၊ ငါးစရမ်းနှင့်၊ ငါးသန်း၊ ငါးခူ၊ မုတ်ဆိတ်ချင်းလျှင်၊ ယှက်လို့ခြူကေ၊ နေပူလည်းသတ်၊ ကျွဲတစ်လျှဉ်းနှင့် ကျဉ်းလည်းခတ်၍ နေ လတ်သောခါ၊ ထိုရပ်ရွာမှာ၊ နေပျော်ကြငြား၊ ကညာဆိုကေ၊ အပျိုများတို့၊ ပြောဟောခေါ်ကာ၊ ငါးယိုးလာကေ၊ မောင်သာ စင်စစ်၊ ကျဉ်းသတ်ဆိုက်နှင့်၊ တိုက်ရိုက်ထိုတွင်၊ မေ့ကိုမြင် သော်၊ ရွှင်သည်နှလုံး၊ မောင်လူပျိုမှာ၊ ချိုပြုံးပြုံးနှင့်၊ ကြိမ်းလုံးနှင့်ရိုက်၊ ကျွဲကိုပင်လေ၊ အလျှင်လိုက်ကေ၊ မောင်ချစ်သက်နှာ၊ ကျဉ်းပေါက်ကျွံ၍၊ ကျောက်ကန်မန်နိုင်၊ လက်တစ်ဖက်နှင့်၊ ချွန်းကိုကိုင်ပျာ၊ ကစဉ်ကလျောက်၊ တဖက်ခြေကို၊ မြေဝယ်ထောက်လို့၊ ကျောက်ကန်ကျောက်ကန်၊ ပါလေပြန်သော်၊ ဝေးမှာရှိငြား၊ အငှားသားတို့၊ မြင်ငြားသောခါ၊ ပြေး၍လာပျာ၊ ရှေ့မှာလည်းရပ်၊ မသွားနိုင်အောင်၊ ကျွဲနိုင်ကြီးကို၊ ဆီး၍ သတ်မှတ်၊ တန့်ရပ် ထိုတွင်၊ ကိုယ်လုံးကျွံပျာ၊ မှံသည်ကျုတ်နှင့်၊ မောင်ရုပ်သွင်ကို၊ မေမြင်သောခါ၊ စကားရှာပြော၊ ချော့ချင်ပါလျှက်၊ လှမေဖြူမှာ၊ လူကိုရှက်လို့၊ မဖက်ဝန့်ခ၊ အို ယောက်မရို့၊ ငါးကများစွာ၊ ရပါသလား၊ သို့မေးငြား၍၊ ပြန်သွားချိန်ခါ၊ တန်လေပါသော်၊ သာခြင်းညံညံ၊ မိဘအိမ်ကို၊ ကိုယ်စီပြန်ရေ။
(ဆရာထွန်း၏ ၁၂ ရာသီသာခြင်းမှ)

လယ်ယာသမား၊ အဖော်ကျွဲနွား

လယ်ထွန်ပြီး၍ လယ်ယာကျလျှင်၊ လယ်သမားတို့သည် ကျွဲ၊ နွားကို လက်မလွှတ်နိုင်ကြသေး။ ကျွဲ၊ နွားသည် လယ်ယာသမားတို့၏ အဖော်ဖြစ်ကြသည့်အတိုင်း ပြုစုစောင့်ရှောက်မြဲ ပြုစုလာခဲ့ကြရသည်။ စားကျက်ရှိသူများမှာ စားကျက်တွင် ကျောင်းထား၊ ထိန်းထားနိုင်ကြသည်။ မရှိသူများမှာ တောင်ယာ ကုန်တန်း၊ ကိုင်းပြင်တို့၌ တဲစင်ဆောက်ကာ ဝိုင်း၍ ကျောင်းထန်းနေကြရသည်။ အားနေစဉ်တွင် လယ်သမားသုံး၊ အိမ်ယာသုံး၊ ကိရိယာများ ပြုလုပ်ခဲ့ကြလေသည်။ တောင်းပလုံး၊ ပခြုပ်၊ အပ်၊ ထမ်းပိုး၊ ခလောက်၊ ကြိုးများကို နားနားနေနေ ပြုလုပ်စုရုံးနိုင်ခဲ့ကြလေသည်။

ထို့သို့ ကျွဲနွားကျောင်းရစဉ် ကျွဲနွားကျောင်းသားဘဝမှာလည်း၊ တစ်မျိုးပျော်စရာ ကောင်းသည်။ ပုလွေတကျော်ကျော်ဖြင့် တေးကဗျာသာခြင်းများကို ဆို၍ ကျွဲနွားကျောင်းရင်း အချိန်ကုန်ခဲ့ရသည်။ ကျွဲနွားခလောက်သံ တညံညံနှင့် သာယာခဲ့သည့် အဖြစ်ကို မြင်ယောင်မိကြသည်။ ထို့ကြောင့် ရခိုင်ကျေးတော၊ ကျွန်းကမ်းတို့၌ ကျွဲကျောင်းသား၊ နွားကျောင်းသားနှင့် ဖွားဖက်ဖြစ်လာခဲ့သည်။ ယခု မြဲစမ်းစရာအဖြစ် သာခြင်းနှစ်ပုဒ်ကို ဖော်ပြလိုက်ပေသည်။

ကျွဲကျောင်းသားသာခြင်း (၁)

ထုပ်လျောက်ကေပုန်းဖီ၊ အခြင်စီကေ၊ စီစီရံမိုး၊ လုံးပိတ်ထိုးလို့၊ ကောက်ကရီကောက်၊ မိုးလင်းသောက်ကေ၊ ကျည်တောက်ကိုယူ၊ ကျွဲကိုထူကေ၊ ငင်ယူစိုက်စိုက်၊ ပန်းနံ့မြောင်မှာ၊ ရီမိုးတိုက်လို့၊ နို့ညစ်တုံပြန်၊ နို့ဩဇာလေး၊ များရာဆိမ့်ငြိမ့်၊ ကိုယ့်စင်ထက်မှာ၊ ဝအောင်ထိန်လို့၊ ထိန်ပြီးသည့်နောက်၊ ဆီးဝါးသောက်ကေ၊ လျောက်လျောက်ပတ်ပတ်၊ ကျွဲကို ရွှတ်လို့၊ မက္ကလာတစ်ထည်၊ လျှော်လည်း တစ်ထုံး၊ နောက်ကဖုံးကေ၊ ပြုံးသီပြုံးသွင်၊ ကျွဲကျောင်းဝင်လေ၊ ကုန်းမ ကန်းမ၊ အကုန်စွာကို၊ မျက်စိကျလို့၊ နောက်ကတစ်ယောက်၊ ရှိတစ်ယောက်နှင့်၊ ငေါက်ငေါက်ငဲငဲ၊ သည်းရေကောင်ကို၊ ကြီအောင်ဆဲလို့၊ ဆဲကြပ်လိုက်ချိန်၊ လိုက်လို့ထိန်ကေ၊ နီလည်းမွန်းတည့်၊ ကွမ်းယာဆီးလိပ်၊ တချို့သူမှာ၊ မီးခံအိပ်နှင့်၊ ဇာတ်ရွေ့ကေညံ၊ ပျော်ပါးသံကို၊ ကြားပြန်လတ်တေ၊ မောင်လူပျိုမှာ၊ သည်းခြီစိမ့်ကေ၊ ငြိမ်ရရလေး။
/(ကျေးလက်ဒေသမှ)

ကျွဲကျောင်းသားသာခြင်း (၂)

မက္ကလ‌ယေ ရိုင်ရိုင်၊ ကြိမ်သားဒုတ်ကို၊ နောင်းနောင်းကိုင်ဗျာယ်၊ ကယိုင်ကပါး၊ နှင်းမြိုင်မြိုင်ကေ တောင်ကျိုင်ကြားမှာ၊ ကျွဲကျောင်းလားရေ၊ ဟူး ရေ ရေ ဟူး။ ။ အစ်ကို မပါ၊ ညီမပါလည်း၊ ကြိမ်းသားဒုတ်ကို နောင်းနောင်းကိုင်ဗျာယ်၊ ကယိုင်ကပါး၊ နှင်းမြိုင်မြိုင်ကေ၊ တောင်ကျိုင်ကြားမှာ၊ ကျွဲကျောင်းလားရေ။ ဟူး ရေ ရေ ဟူး။ ထွေတောင်ဒေတောင်၊ ချောင်မြောင်တစ်လွှား၊ ပိုပစဉ်းသံ၊ ညံသွားသွားလေ။ တောသံလီသံ၊ မဆူညံကေ၊ နှင်းသံဖြောက်ဖြောက်၊ ပေါက်ပေါက်ဖောက်သို့၊ ကြားရရေလေး ကြားရရေ။ ဂြောင်တောင် ဂြောင်တောင် ဂြောင်တောင့် ဂြောင်၊ နက်ပြောင်ခလောင်း၊ တောသာယံမှာ၊ သာငြိမ့်ညောင်းဗျာယ်၊ ကြားရရေလေ၊ ဟူး ရေ ရေ ဟူး။ ။

တလင်းလည်သာခြင်း

ကျွဲမရာလေဂုတ်ဖီ၊ ပင်လယ်နားမှာ၊ ကျွဲတဂိုနှင့်၊ ဂုတ်ပီ ဂုတ်ပေါင်း၊ လယ်ထွန်ကောင်းကို၊ မြက်ကောင်းပီးမေ၊ ဒေတလင်းကို ညက်ယောင်လည်ခ၊ အိုကျွဲရို့လေ၊ လည် လည် လေ၊ လာလေ ကျွဲရို့၊ မွှိ၊ မွှိ။

တလင်းလည် ချော့သံ

နွားမယေဂြိုတို၊ ပင်လယ်နားမှာ၊ သားကိုမျှော်ကေ၊ ဂြိုတို ဂြိုဝန်း၊ တစ်ဖက်ချွန်းကို၊ စောင်းကန်းဖီလာ၊ မြီတလင်းမှာ၊ မလှည့်သာလေ၊ အေတလည်ကို ညက်အောင်လှည့်ခ၊ လားလေလေ၊ လားလေ၊ နွားရို့။ လည် လည် လည်။ မွှိ၊ မွှိ။

လယ်သမားဘဝ မြှင့်တင်ရန်

လယ်သမားဘဝ၊ လယ်ယာလုပ်ငန်းနှင့် ပတ်သက်၍ ဖွဲ့ရမည်ဆိုက၊ သာခြင်းများစွာ ဖြစ်လာရသည်။ လယ်သမားသာခြင်းများက ဓလေ့၊ ယဉ်ကျေးမှုကို ဖော်ပြနေသည်။ လူ့ယဉ်ကျေးမှု၊ လူမှုစနစ်ကို ထင်ဟပ်ပေါ်လွင်ရာ ရောက်သည်။ ကျေးလက်ကျွန်းကမ်း တောရွာတို့တွင် ထိုအဖွဲ့ သာခြင်းများ ပျံ့နှံ့လျှက်ရှိခဲ့ရာကား၊ စုဆောင်းထိန်းသိမ်းကြ ရမည်။ ဖော်ထုတ်ခြင်း၊ မှတ်တမ်းတင်ခြင်းများ ပြုရမည်။

မိမိတို့ ဓလေ့ယဉ်ကျေးမှုကို အထင်အမြင်သေး၍ တန်ဖိုးမဲ့သဘောထားသဖြင့် ခေတ်အလိုက်သာ ထိုးဝင်လာခံနေရသည်။ အမှုအမှတ်မေ့ကြည့်နေကြလျှင်၊ ရိုးရာယဉ်ကျေးမှုများ ပျောက်ပျက် တိမ်းကောသွားမည်ဖြစ်၍ ဝမ်းနည်းစရာ အထူးကောင်းလှသည်။ ထို့ထက် ယခု လယ်သမားဘဝကို မြှင့်တင်ရန်၊ ဘဝမြင့်မားလာစေရန်၊ လက်မှုလယ်ယာမှသည် စက်မှုလယ်ယာသို့ ရောက်ရန်၊ ပြုပြင်ပေးသင့်လှပေပြီ။

လယ်သည်သားကို၊ မြင်ရပုံစနစ်

လယ်ယာလုပ်ငန်းဆိုင်ရာ လူမှုဓလေ့အဖွဲ့အဖွဲ့များကား အများအပြားပင် ရှိမည်သာတည်း။ ယခု သာခြင်းအဖွဲ့ မဟုတ်သော်လည်း၊ ဘွဲ့အဲအဖွဲ့ဖြင့် စပ်ဆိုထားချက်ကို နောက်ဆုံးတင်ပြလိုက်ရသည်။ သံတွဲသူနှင့် ပန်းတံမောင်ဘွဲ့အဲမှ ဖြစ်ရာ၊ မြုံပြည်သွားခရီးတွင် တွေ့ရသော လယ်သမားဘဝကို စပ်ဆိုထားခြင်းဟု ဆိုထားသောလည်း၊ ယခုတိုင် ရခိုင်လယ်သမားတို့ဘဝနှင့် ထပ်တူထပ်မျှပင် ဖြစ်ပေသတည်း။

အနောက်ပြည်လေ၊ လယ်သည်သားကို၊ ကြည့်မိသော သော၊ မြင့်ခီရေကား၊ မိုးသီးကျစ၊ အချို့သူမှာ ကျွဲအိုမကို၊ လယ်ထွန်ချရေ၊ တချို့သောသူ၊ တချို့လူကား၊ ကျွဲထီးဘော်လီ၊ မနှင့်ညှိ၊ နဖားဆွဲငင်၊ ထမ်းပိုးခွမှာ၊ သွင်းရို့ပင်လေ၊ နောက်ကတစ်ယောက်၊ လယ်တာမြီမှာ၊ ငေါက်စောက် စောက်၊ ရမနီထမ်းပိုး၊ လျှော်နီကြိုးနှင့်၊ ကျွဲကိုရှိတင်၊ လယ်သည်သားမှာ၊ ထွန်ရို့ပင်၊ နွားကိုနောက်က၊ လယ်သည်သားမှာ၊ ထွန်ဘို့ကျရေ၊ ကျွဲကိုသတ်ကေ၊ ဖန်ကြပ်လုံးနှင့်၊ နွားကိုသတ်ကော၊ ပိုးကြိမ်လုံးနှင့်၊ လက်ဝဲတစ်ကောင်၊ ထမ်းပိုးခွင်မှာ ညှာကမျှောင်ရို့၊ လက်ဝဲတီတီ၊ လက်ယာဗောဗော၊ နောက်က တစ်ယောက်၊ ကျွဲနွားရို့ကို၊ အပ်လက်ကိုင်ကို၊ ကိုင်ရို့မြှောက်တေ၊ ထွန်လတ်တေလေ၊ ဒေလဲတချို့၊ လယ်သည်သားကို၊ ဝမ်းနည်းဘို့လေ။ လက်ညှိုးညွှန်ကာ၊ အသာခဏ၊ သံတွဲသူ၊ ညိုနှမကို၊ အနောက်ပြည်၊ လယ်သည်သားကို၊ ညွှန်ရို့ပြရေ။ နှမချစ်သူ၊ သံတွဲသူ၊ ထွန်ဆီလေပြီး၊ လယ်မြီတာမှာ၊ ကောက်လေကြီးရေ၊ ကောက်ကြီးကောက်လျင်၊ မြီတလင်းမှာ၊ စုရို့ပင်၊ အဂြိုဗဝန်း၊ ကျွဲရာတန်း၊ ဆွမ်းပန်းမတေ၊ လယ်သည်သားမှာ၊ တလင်းလည်ရေ။ ။

ကပ္ပိယတစ်ဦး
(ပန်းတံမောင်နှင့် သဲတွဲသူဘွဲ့အဲ)
မှတ်ချက်။ အရှင်စက္ကိန္ဒ၏ ရခိုင်ဆိုအရွေ့သာခြင်းများမှ ကောက်နုတ်ဖော်ပြပါသည်။

(နတ်မြစ်မဂ္ဂဇင်း - ၁၉၉၉ ခုနှစ်ထုတ်ပါ ဆောင်းပါး)

Address

Taung Rat

710001

Website

Alerts

Be the first to know and let us send you an email when MK Printing House posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Want your establishment to be the top-listed arts & entertainment?

Share