Poem Cafe

Poem Cafe Poems

ကဗျာ မစပ်ပြချင်ဘူး...။စပ်ပြရင် လွယ်သည်သာပ...။နာမည်မှာလူဝေး လုပ်ရုံပဲ...။လူဝေး(ဆေး-မကွေး)
01/08/2025

ကဗျာ မစပ်ပြချင်ဘူး...။

စပ်ပြရင် လွယ်သည်သာပ...။

နာမည်မှာ
လူဝေး လုပ်ရုံပဲ...။

လူဝေး(ဆေး-မကွေး)

24/05/2025

မစံပယ်

လမ်းငါးသွယ်ဘက်
ရောက်ဖြစ်သေးလား။

ဗိုလ်ချုပ်လမ်းရော
ရောက်ဖြစ်သေးလား။

အရင် နေရာမှာ
ကျွန်တော် အရင်လိုပါပဲ မစံပယ်။

ဒဏ်ရာ တဆစ်ဆစ်
အမြစ်တွယ် လှိုက်စား
မစံပယ်ဟာ အချစ်မှာ
နတ်ဘုရားမ တစ်ပါးလိုပဲ။

အချစ်ကို ကိုးကွယ်
နတ်ပြည် ငရဲ
ဘယ်ပဲ ရောက်ပါစေလေ။

အရင် နေရာမှာ
အရင်လို ကျွန်တော်
မစံပယ်ကို ချစ်နေရရင် ပျော်တယ်။

ဆေးရုံနားက လမ်းကြားလေးမှာ
မစံပယ် ပြုံးပြသွားခဲ့တာ
ရာစုနှစ်များစွာ ကျွန်တော့်ရင်မှာ
ပျော်လို့။

ဂယ်လာရီ ထိ
မစံပယ် ရှိနေရင် ဖြစ်တယ်။

အောက်ဆီဂျင် ရှူတဲ့
လူတွေ အချင်းချင်းပဲ မစံပယ်။

ဖြစ်နိုင်ရင်
ကျွန်တော့်ကို ပြန်ချစ်ပေးပါ။

လူဝေး(ဆေး-မကွေး)

20/04/2025

မနက်ခင်း

လက်ဖက်ရည် ချိုစိမ့်တစ်ခွက်
ချပေးပါ။

စီးကရက်လည်း ချ။

မီးခြစ်က ကျွန်တော် ယူနေကျ။

ကိုယ့်မီးခြစ်နဲ့ ကိုယ်မှ
ဆေးလိပ် သောက်တဲ့ အကျင့်
လုပ်ထားတယ်။

ဖင်စီဗူးထိ ရောက်အောင်
ကျွန်တော် မသောက်ဘူး။

အဲ့ဒါက စွဲ တတ်လို့။

လက်ဖက်ရည် တစ်ချိုက် မော့
ဆေးလိပ်ကို တစ်ရှိုက် ဖွာ
မာယာများတဲ့ လူတွေရဲ့ မျက်နှာတွေ
ကျွန်တော် ထိုင် ငေးကြည့်လို့။

တစ်ခါ တစ်ခါ
ကျွန်တော်နဲ့ မသိတဲ့ လူတွေ
ကျွန်တော်နဲ့ ဝင် ဝင် ထိုင်ကြတယ်။

တစ်ခါ တစ်ခါ
ကျွန်တော့် စားပွဲဝိုင်းက
ခုံတွေ ယူ ယူ သွားကြတယ်။

တစ်ခါ တစ်ခါ
ကျွန်တော့်ခုံ တစ်ခုပဲ ကျန်ခဲ့တယ်။

လက်ဖက်ရည် ကုန်ရင်
ဆေးလိပ်ကို ရေနွေးနဲ့
ရော သောက်တယ်။

ပြီးတော့
ပတ်ဝန်းကျင်ကို ဒုက္ခပေးတယ်။

ဆေးလိပ်ငွေ့တွေ
ကျွန်တော့်ရှေ့မှာ တစ်ပုံတစ်ပင်ကြီး။

လွမ်းစရာတွေလည်း
ကျွန်တော့်မှာ တစ်ပုံတစ်ပင်ကြီး။

တစ်ခါ တစ်ခါ ထိုင်ရင်
အကြာကြီးမို့
ဝိတ်‌တာ‌တွေနဲ့လည်း ခင်နေပီ။

ကျွန်တော် ရောက်ရင်
ထမင်းကြော်လား မေးတယ်။

လက်ဖက်ရည် နဲ့ ဆေးလိပ်
သောက်ချင်တဲ့ ရက်ဆို
ကျွန်တော့်မှာ ခေါင်းခါ ရတယ်။

ရှင်းခါနီးဆို
ဝိတ်တာကို ရှာရတယ်။

ကျွန်တော် ခေါင်း လှည့် ရှာရင်
ဝိတ်တာတွေ ရောက်လာပါပြီ။

"ကိုယ် ရှင်းတော့မယ်"
"ဘယ်လောက်ကျလဲ" က
တစ်ခါတစ်လေမှပဲ မေးတာ။

အေးဆေးလေးပဲ ထွက်ခဲ့လိုက်တယ်။

ကုန်ကျ စရိတ်က
တစ်ဘဝစာ တဲ့။

လူဝေး(ဆေး-မကွေး)

15/04/2025

တစ်ခါတစ်လေ
ကျနော်က အော့ပီပေါ့ အမေ...။

Nuclear ကြီးလည်း ထွင်ချင်တယ်...။

ပြေငြိမ်းရေးလည်း လုပ်ချင်သေးတယ်...။

တက္ကသိုလ်မှာ
ဗိုလ် ကျား သေနတ် ဆွဲပြီး
ကိုယ် ကြိုက်ရာ ကိုယ်လုပ်...။

ကျနော် ဘာမှ မဖြစ်ချင်တော့ ခက်တယ်...။

အမြဲပဲ အရှုံးပေးလိုက်ပါတယ်
သူငယ်ချင်းတွေ ကြားထဲမှာ...။

အိမ်မှာဆို
ကျနော်က ဗိုလ် မဟုတ်လား အမေ...။

ကောင်းကင်ကြီးကို ပိုင်ဆိုင်ချင်လို့တဲ့
တစ်ခါက ကလေးတစ်‌ယောက်မှာ
ငိုခဲ့ဖူးတယ်...။

အမေ့ကို
ကျနော် အမြဲ ပိုင်ဆိုင်ခဲ့ချင်တာရော...။

ဒါလည်း အတ္တ သဘောထားပါတော့...။

ကျနော့် မြင့်မိုရ် ပြိုကျပါတော့မယ်...။

တချို့တွေ ငိုကြလိမ့်မယ်...။

ငိုပြီး ခန မေ့ကြပါဦးမယ်...။

ကျနော်ကတော့
အမြဲ ငိုနေရော့မယ်...။

အမေ့ရဲ့ အငယ်ဆုံးမို့လေ...။

လူဝေး(ဆေး-မကွေး)

09/03/2025
တချို့ ကြယ်တွေကအလိုက်သင့် ကြွေကျ ပေးလိုက်ရတာမျိုးပါ မစံပယ်...။ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုမစံပယ် ရေ ...ဘဝဆက်တိုင်း ပေါင်...
20/12/2024

တချို့ ကြယ်တွေက
အလိုက်သင့် ကြွေကျ ပေးလိုက်ရတာမျိုးပါ
မစံပယ်...။

ဆုတောင်းတိုင်းသာ ပြည့်မယ်ဆို
မစံပယ် ရေ ...
ဘဝဆက်တိုင်း ပေါင်းဖက်ရပါစေ...။

အရှေ့ရပ်က နေထွက်လာတိုင်း
မစံပယ်ကို လွမ်းရတာလည်း
ကျနော့်မှာ အမောပါပဲ...။

မစံပယ် ပျော်တယ် မဟုတ်လား...။
ကျနော်ကတော့ တော်ရာမှာ...။

တချို့တွေ ပြန် မတွေ့တဲ့ ထိ
ပျောက်ခဲ့ဖူးတယ်...။
အစ အန မတွေ့ရတဲ့ အထိ
ပျောက်ခဲ့ကြဖူးတယ်...။

မစံပယ်ကိုတော့
ကျနော် ဘယ်ချိန် ရှာ ရှာ
တွေ့ချင်ပါတယ်...။

ဟိုး ပဲခူးရိုးမ တောင်တန်းကြီးလေ
မစံပယ်ကို လွမ်းလို့တဲ့...
တစ်တောလုံး တစ်တောင်လုံး
စံပယ်တွေ ဖွေးနေတာပဲ။

အရှေ့မှာ လမ်းကွေ့ ရှိသည်။

ကျနော်က မစံပယ် ရှိရာ အရပ်ကိုပဲ
ကွေ့ဝင် စီးချင်တဲ့ မြစ်...
ချောင်းဖျား ချောင်းနားလေးအရောက်မှာ
မစံပယ်နဲ့ ထပ် လွဲရပြန်ပါပီ။

ကျနော် ပြောခဲ့ဖူးသလိုပေါ့ မစံပယ်...
တကယ်ချစ်ရင် တကယ် ဝေးရပါတယ်လို့။

ရှေ့မှာ အတက် ထပ် တွေ့ပြန်ပါပြီ။

မစံပယ် ရှိရာ အရပ်
တကယ်ကို ခက်တာပဲ...။

သပ်သပ်ရပ်ရပ် လိပ်စာကဒ်လေးမှာ
ကျနော်နဲ့ မစံပယ်
ပြန်တွေ့ကြဖို့ အစီအစဉ်သည်
ရှိ၏၊ မရှိ၏။

ရှေ့တွင် လမ်းချိုး
မစံပယ်ကို
ကျနော် ခိုး ခိုး လွမ်းနေခဲ့ရတာလေ...။

ခွာညို၊ သစ်ခွ
ရွက်လှ၊ နှင်းဆီ
စံပယ်တွေ ဖွေးနေတာပဲ...။
သေချာပါတယ်...။
ဒါဟာ မစံပယ် အိမ်ပဲ...။

ကျနော် ဝင်ခဲ့လိုက်မယ်နော်...။
မစံပယ် ဘဝထဲကို...။

‌လူဝေး(ဆေး-မကွေး)

သက်ဝေ ဗေဒနေ့နဲ့ ညမေ့မရတဲ့ အထဲမှာသက်ဝေဟာ ထိပ်ဆုံးက နေရာယူထားတယ်။စာအုပ် တစ်အုပ်ကိုလှန် ကြည့် ကြည့်ခြင်းမာတိကာကို မြင်ရသလို...
22/11/2024

သက်ဝေ ဗေဒ

နေ့နဲ့ ည
မေ့မရတဲ့ အထဲမှာ
သက်ဝေဟာ ထိပ်ဆုံးက နေရာယူထားတယ်။

စာအုပ် တစ်အုပ်ကို
လှန် ကြည့် ကြည့်ခြင်း
မာတိကာကို မြင်ရသလို။

သက်ဝေဟာ ကိုယ့်ဘဝရဲ့ မာတိကာ တစ်ရွက်ပဲ။

ဘယ် စာမျက်နှာ
ဘယ် အခန်းနံပါတ်မှာ
ကိုယ်တို့ လွဲခဲ့ကြပါသလဲ သက်ဝေ။

အဖြေ ရှာကြည့်တော့
ဗီလိန်ဟာ ကိုယ်တိုင်ဖြစ်ခဲ့တယ်။

ရယ်ရတယ်နော် သက်ဝေ။
ချစ်တယ်လို့ ပြောဖို့
ကိုယ်ဟာ အဝေးကြီးကနေ လာခဲ့ရပြီး
အဝေးကြီးကို ချက်ချင်း ပြန်ထွက်သွားပေးခဲ့ရတယ်။

ဘဝကို နားမလည်တော့ဘူး။
ထို့ထက် သက်ဝေ ဗေဒကို
ကျနော် ပို နားမလည်ဘူး။

ကိုယ် ဘယ်လောက်ထိ ကြိုးစား ကြိုးစား
သက်ဝေဟာ ခါးခါးတူးတူးပဲ။

ဒီဘဝ ဒီမျှနဲ့ပဲ ရပ်တန့်ကြပါစို့။
ကိုယ် ထွက်စို့ ခေါ်လိုက်တော့မယ် သက်ဝေ။

ဂျင်ကို ကြိုးကလေး တစ်ပတ် ပတ်ပြီး
လည်အောင်လည်း ကိုယ် ပေါက်တတ်ခဲ့ပါတယ် သက်ဝေ။
'စို့' လို့ အော်ပြီး မိအောင် ဖမ်းတော့မယ် လုပ်မှ
ကိုယ့် အဖြစ်ကို ပြန်သတိရတယ်။
ကြိုး ဘယ်နှစ်ပတ်မှ မပတ်ပဲ
သက်ဝေ ဗေဒမှာ ကျနော် ချာ ချာကို လည်ခဲ့တယ်။

ရက် ရှိသမျှ
အသက် ရှိသမျှ
သက်ဝေ ဗေဒကို ကျနော် ဖတ်နေဆဲ
ခက်မြဲ ခက်နေတာကလည်း
သက်ဝေဗေဒကို ကြိုက်ရတဲ့
ကျနော့်ရဲ့ အကြောင်းအရင်း ဖြစ်မယ်။

နေညိုပြီ။
ဝီစကီ တစ်ပတ်ကစ်ဖို့
သက်ဝေ ဗေဒကို လက်က လွှတ်ချလိုက်တော့မယ်။

ဘဝဟာ
ခဏတာလေးပါပဲ သက်ဝေ။
ဝီစကီ တစ်ပတ်နဲ့
သက်ဝေကို မေ့ဖို့က မတန်ဘူးမို့လား။
ဒီလိုနဲ့
ကျနော်က ချာချာလည်ကို မူးခဲ့တယ်။
သက်ဝေရေ...
သက်ဝေရေ...
သက်.... ဝေ.... ရေ...
နောက်ဆုံး... သက်ဝေ အမည်နာမကို
မပီသတော့တဲ့ထိအောင်ပေါ့။

လူဝေး(ဆေး-မကွေး)

စိတ်ရှိသလောက် နီးစပ်ခွင့်မရှိတာကလည်းဝဋ်ကျွေး တစ်ခုပါပဲ...။အသွားနဲ့ အပြန် မျက်နှာချင်း ဆိုင်မိတယ် ဆိုပေမယ့်ကျနော်တို့က တစ...
15/11/2024

စိတ်ရှိသလောက် နီးစပ်ခွင့်မရှိတာကလည်း
ဝဋ်ကျွေး တစ်ခုပါပဲ...။

အသွားနဲ့ အပြန်
မျက်နှာချင်း ဆိုင်မိတယ် ဆိုပေမယ့်
ကျနော်တို့က တစ်ယောက်ကိုမှ
တစ်ယောက် မပိုင်ခဲ့ကြတာ...။

လက်ဖက်ရည်ဆိုင် ထိုင်
စီးကရက် သောက်တတ်တယ် ဆိုတာကလည်း
ချစ်ခဲ့ဖူးလို့ ဖြစ်တာပါ...။

တချို့ အစိုင်အခဲတွေက
ကိုယ့် ရှေ့မှာ အငွေ့ဖြစ်သွားတာ
ဘယ်လောက် ကျေနပ်စရာကောင်းသလဲ...။

နင်းခြေ သတ်ခံလိုက်ရတဲ့
မီးစလေး လေ...
မသေခင် တငွေ့ငွေ့ ...
ဆွေးမြည့်ခြင်းဆိုတာ ဒါမျိုးလား...။

ရှေ့က အလွမ်းမှတ်တိုင်မှာ
ဆင်းဖို့ ပြောပေးကွယ်...။

လက်ပတ်နာရီကို ကြည့်တော့
သတိရခြင်း alarm က ထမြည်လာတယ်...။

ကျနော် ဘယ်ကို ခရီးဆက်ရမယ်
မသိတော့ဘူး...။

လူဝေး(ဆေး-မကွေး)

အပျံသင်စ ငှက်ကလေးလေဟုန်ကို ခွင်းပြီး ကောင်းကင်ကို စိန်ခေါ်သလိုကျနော်လည်း သက်ဝေကို ချစ်ဖို့တစ်လောကလုံးနဲ့ စိန်ခေါ်ခဲ့သူပါ...
05/11/2024

အပျံသင်စ ငှက်ကလေး
လေဟုန်ကို ခွင်းပြီး ကောင်းကင်ကို စိန်ခေါ်သလို
ကျနော်လည်း သက်ဝေကို ချစ်ဖို့
တစ်လောကလုံးနဲ့ စိန်ခေါ်ခဲ့သူပါ...။

ပြုံးလိုက်ရင် ပါးချိုင့်လေးတွေ
အသက် ဝင်သွားတတ်တာက အစ
စိတ်ပါ လက်ပါ ရယ်ရင်တောင်
သက်ဝေက သိပ် အသံထွက်လေ့ရှိတာ
မဟုတ်ဘူး...။
မှန်ရာ ပြောရရင်... သက်ဝေက ဆံပင်စည်းလေးနဲ့
ပို လှတယ်...။

မတိုက်ပဲ စစ်ပွဲကို နိုင်ချင်တယ်။
ပြီးတော့... သက်ဝေကို ပိုင်ဆိုင်ချင်တယ်။

ဆောင်းဦး "နှင်း" တို့ "ကျူး" ပြီဆိုရင်
သက်ဝေကို ပိုလွမ်းမိတယ်...။
တိုက်ဆိုင်မှုကြောင့်ပဲ ထင်ပါရဲ့။

အမည်မသိ ကဗျာကို
ထပ်ခါ ထပ်ခါ ဖတ်ပြီး
သက်ဝေကို သတိရမိတယ်...။
တကယ်တော့ အချစ်ပဲ ဖြစ်မှာပါ...။

တစ်နဲ့ တစ်ပေါင်းပြီး
နှစ် ဖြစ်မလာခဲ့တဲ့ အဖြေတွေ...
သက်ဝေ ပြန်မချစ်တဲ့ ရလဒ်တွေ
ဒီ့ထက် ဆိုးတဲ့ အခြေအနေနဲ့
ကိုယ့်နိုင်ငံဟာ ယိုင်လဲမတတ်...။

ခက်တော့ ခက်နေပါပြီ...။

သက်ဝေ ကမ္ဘာ...
ကျနော့် ကမ္ဘာ...
တခြားစီ။

လူဝေး(ဆေး-မကွေး)

အဖေက ကောင်းကင်တစ်ခုဆိုကျနော်တို့က ကြယ်ကလေးတွေပေါ့...။အကောင်းဆုံး လင်းလက်နေတဲ့ ကြယ်ကလေးတွေ အဖေ့ရင်ခွင်က နွေးထွေးစွာ ပွေ့ဖ...
01/11/2024

အဖေက ကောင်းကင်တစ်ခုဆို
ကျနော်တို့က ကြယ်ကလေးတွေပေါ့...။
အကောင်းဆုံး လင်းလက်နေတဲ့
ကြယ်ကလေးတွေ
အဖေ့ရင်ခွင်က နွေးထွေးစွာ ပွေ့ဖက်ထားလို့ပေါ့။
အမေက ချစ်ခြင်းမေတ္တာကို ပေးတယ်...။
အဖေကတော့ အဆင်ပြေမှုတွေကို ပေးတယ်...။
နေရေး ထိုင်ရေး စားရေး ဝတ်ရေး
အခြေခံ ရေးရာတွေမှာ အဖေက
ဖြည့်စွက်ပြ ပုဒ်ပဲ...။
ကျနော်တို့ကလည်း ခက်တယ်...။
ချစ်ခြင်းမေတ္တာကိုသာ မြင်တာ
အဖေ့ထက် အမေ့ကို ပိုချစ်ခဲ့...။
ဖြည့်စွက်ပြ ပုဒ်ကို မေ့နေခဲ့တာ ခပ်များများ...။
အရာရာဟာ ငွေနဲ့ တိုင်းတာနေတဲ့ ခေတ်ထဲ
အဖေ့ကို တဖြည်းဖြည်း နားလည်လာခဲ့ပါပြီ...။
ပိုင်ဆိုင်ခြင်းပြဝိဘတ်က
ဝါကျ တစ်ခုကို လှအောင်ပဲ ပြပေးနိုင်တာ...
အဖေဆိုတဲ့ ဖြည့်စွက်ပုဒ် ကတော့
လှနေတဲ့ ဝါကျလေးကို ပြီးပြည့်စုံစေလို့ပေါ့...။
ဘဝဟာ ခနတာလေးပါပဲ...
အဖေပေးခဲ့တဲ့ အဆင်ပြေမှုတွေကတော့
တစ်ဘဝစာထက်ကို ပိုခဲ့ပါတယ်...။

လူဝေး(ဆေး-မကွေး)

Address

Magway
04011

Website

Alerts

Be the first to know and let us send you an email when Poem Cafe posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category