18/05/2024
Food for Soul
ရင်ခုန်သံတွေ မြန်နေပြီလား?
ကော်ဖီသောက်ပြီးတိုင်း ရင်တုန်ပြီး နှလုံးခုန်နှုန်းတွေ မြန်လာတာ ဘာကြောင့်လဲ? ☕
ဘာကြောင့်လဲဆိုရင်တော့ ကော်ဖီမှာ ပါဝင်တဲ့ ကဖိန်းဓာတ်ကြောင့်ပါပဲ။ ရင်တုန်တာအပြင် တခြားဆိုးကျိုးတွေလည်း ဖြစ်တတ်ပါသေးတယ်။
နေ့တိုင်းကော်ဖီသောက်ရတာ ကြိုက်တယ်ဆိုရင်တော့ ကော်ဖီသောက်ခြင်းကြောင့် ဖြစ်နိုင်တဲ့ ဆိုးကျိုးလေးတွေအကြောင်း သိထားသင့်တယ်နော်။
ဒါကြောင့် ဒီနေ့ Food for Soul ကနေ ကော်ဖီချစ်သူ Foodie တို့အတွက် ဒီဆောင်းပါးလေးကို ယူဆောင်လာတာမို့ အတူတူ ဖတ်ကြည့်လိုက်ရအောင်။ 🥰
ကော်ဖီ အလွန်အကျွံသောက်မိတဲ့အခါ ဒီလို ကျန်းမာရေးဆိုင်ရာ ပြဿနာလေးတွေ ဖြစ်နိုင်ပါတယ်။
☕ သွေးတွင်းဖိအားတိုးစေတယ်
ကော်ဖီသောက်တာက နှလုံးရောဂါမဖြစ်စေနိုင်ပေမယ့် သွေးတွင်းဖိအားကိုတော့ မြင့်တက်စေပါတယ်။ သွေးတွင်းဖိအားများလာခြင်းက နှလုံးကနေ ဦးနှောက်ဆီ သွေးစီးဆင်းမှုကို ဟန့်တားစေတာကြောင့် ကြာလာတဲ့အခါ သွေးကြောလေးတွေ ပျက်စီးပြီး နှလုံးဖောက်တာ၊ လေဖြတ်တာတွေ ဖြစ်လာနိုင်ပါတယ်။
☕ နှလုံးခုန်မြန်ခြင်း
အပေါ်မှာပြောခဲ့သလိုပဲ ကော်ဖီသောက်ခြင်းက သွေးဖိအားကို မြင့်တက်စေတဲ့အတွက်ကြောင့် ခန္ဓာကိုယ်တွင်းမှာ ကဖိန်းဓာတ်များလာရင် နှလုံးခုန်နှုန်း မြန်လာစေပါတယ်။ ဒီလိုလက္ခဏာမျိုးကလည်း တစ်ယောက်နဲ့တစ်ယောက် ကွဲပြားနိုင်ပါတယ်။ ကိုယ့်အနေနဲ့ ဘယ်လောက်ပမာဏလောက်ဆိုရင် နှလုံးခုန်မြန်ပြီး ရင်တုန်တာမျိုးဖြစ်တတ်လည်းဆိုတာ သတိထားပြီး အဲ့ထက်အလွန်အကျွံမဖြစ်အောင် လျှော့သောက်သင့်ပါတယ်။
☕ စွဲလမ်းစေခြင်း
လူအယောက် ၂၀၀ ကို ၁၆ နာရီလောက် ကော်ဖီမသောက်ဘဲ နေခိုင်းပြီး စမ်းသပ်ချက်တစ်ခု ပြုလုပ်ခဲ့တဲ့အခါမှာတော့ ကော်ဖီသိပ်မသောက်တဲ့သူတွေမှာ ဘာလက္ခဏာမှ မရှိပေမယ့် ကော်ဖီပုံမှန်သောက်နေကျသူတွေနဲ့ အလွန်အကြူးသောက်လေ့ရှိသူတွေမှာတော့ ကော်ဖီမသောက်ဘဲ နေရတဲ့အခါ ခေါင်းကိုက်တာ၊ ပင်ပန်းနွမ်းနယ်တာ၊ အာရုံစူးစိုက်လို့ မရတာမျိုးတွေ ဖြစ်လာတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ကော်ဖီမသောက်ရရင် မနေနိုင်အောင် ဖြစ်တဲ့အထိတော့ အလွန်မကျွံ မသောက်တာ ကောင်းပါတယ်။
☕ အိပ်မပျော်ခြင်း
ကော်ဖီသောက်ဖို့ အကောင်းဆုံးအချိန်တွေက မနက်နဲ့ နေ့ခင်းပိုင်းတွေပါ။ ညဘက်မအိပ်ခင် (၃) နာရီကနေ (၆) နာရီမတိုင်ခင်အတွင်း ကော်ဖီသောက်ခြင်းက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေဖို့ အနှောင့်အယှက် ဖြစ်စေပါလိမ့်မယ်။
☕ အစာခြေစနစ် ပြဿနာများ
ကော်ဖီက အူမကြီး လုပ်ဆောင်မှုကို မြန်ဆန်စေဖို့ အစာအိမ်က ထုတ်လွှတ်တဲ့ Gastrin ဟော်မုန်းကို အထောက်အကူပြုတဲ့အတွက် ကော်ဖီတစ်ခွက်သောက်တာက ဝမ်းသွားအောင် ကူညီပေးနိုင်ပါတယ်။ ဒီလို အကျိုးသက်ရောက်မှုကြောင့်ပဲ ကဖင်းဓာတ် အများအပြားသောက်မယ်ဆိုရင်တော့ ဝမ်းပျက်ဝမ်းလျှော ဖြစ်စေနိုင်ပါတယ်။
☕ ကိုယ်ဝန်ဆုံးရှုံးမှု
ကိုယ်ဝန်ဆောင်ချိန်မှာ ကော်ဖီအလွန်အကျွံသောက်ခြင်းက ကိုယ်ဝန်ဆုံးရှုံးတာ၊ သန္ဓေသား ကြီးထွားမှု နှောင့်နှေးတာ၊ သန္ဓေသားနှလုံးခုန်နှုန်း မမှန်တာတွေ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကော်ဖီကြိုက်တဲ့ ကိုယ်ဝန်ဆောင်မေမေတို့အနေနဲ့ ကော်ဖီလျှော့သောက်ဖို့ မမေ့နဲ့နော်။
ဒါဆိုရင် အလွန်အကျွံမဖြစ်စေအောင် တစ်နေ့ကို ကော်ဖီ ဘယ်နှစ်ခွက်လောက်သောက်သင့်တာလဲ?
အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဌာန (FDA) က တစ်နေ့တာအတွက် အများဆုံး (၄၀၀) မီလီဂရမ် သောက်သုံးရန် အကြံပြုထားပါတယ်။ (၄၀၀) မီလီဂရမ် ဆိုတာ ကော်ဖီ သုံးခွက်ကနေ ငါးခွက် ပမာဏလောက် ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်တွေအတွက်တော့ (၂၀၀) မီလီဂရမ်လောက်ပဲ သောက်သင့်တယ်လို့ ဆိုပါတယ်။
ဒါကတော့ ကော်ဖီ အလွန်အကျွံသောက်တတ်တဲ့ Foodie တွေ သတိထားသင့်တဲ့ အချက်ကလေးတချို့ကို ပြောပြပေးသွားတာပါ။
လူတစ်ယောက်နဲ့ တစ်ယောက် ကဖိန်းဓာတ်အပေါ် တုံ့ပြန်ပုံခြင်း မတူကြတဲ့အတွက် ကော်ဖီသောက်တိုင်း ဒီလို ဆိုးကျိုးတွေ အကုန်ဖြစ်မယ်လို့ ဆိုလိုတာတော့ မဟုတ်ပါဘူး။ ကိုယ့်ခန္ဓာကိုယ်က လက်ခံနိုင်တဲ့ ပမာဏလောက် သောက်မယ်ဆိုရင်တော့ ကော်ဖီက ကျန်းမာရေးကောင်းကျိုးတွေတောင် ပေးစွမ်းနိုင်ပါသေးတယ်နော်။
ကဖိန်းဓာတ်ကို မခံနိုင်တဲ့ တချို့သူတွေဆိုရင် ကော်ဖီနည်းနည်းလောက် သောက်လိုက်ရင်တောင် အပေါ်မှာ ပြောပြသွားတဲ့ ပြဿနာလေးတွေ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကိုယ့်အတွက် သင့်တော်တဲ့ ပမာဏပဲ သောက်တာ အကောင်းဆုံးပါပဲ။
Food for Soul ရဲ့ ကော်ဖီချစ်သူလေးတွေလည်း တစ်နေ့ကော်ဖီ ဘယ်နှစ်ခွက်လောက် သောက်ဖြစ်လဲဆိုတာ Comment မှာ ပြောပြသွားခဲ့ပါဦး။ ကော်ဖီအပူနဲ့ ကော်ဖီအအေး ဆိုရင်ရော ဘယ်ဟာ ပိုကြိုက်လဲ? ☕