Myint Naing Eain

Myint Naing Eain Myint Naing Eain

၂၀၂၅  မေ လ ၂၈ ရက်၊ မွန်းလွဲ ၀၂ နာရီ ၂၀ မိနစ်တွင်  ဆရာ ကဗျာဆရာမောင်ကြူးရင့် ကွယ်လွန်သွားသဖြင့်စိတ်နှလုံး ထိခိုက်ရပါသည် ။ ...
28/05/2025

၂၀၂၅ မေ လ ၂၈ ရက်၊ မွန်းလွဲ ၀၂ နာရီ ၂၀ မိနစ်တွင်
ဆရာ ကဗျာဆရာမောင်ကြူးရင့် ကွယ်လွန်သွားသဖြင့်
စိတ်နှလုံး ထိခိုက်ရပါသည် ။
ကဗျာနှင့်ထုံမွန်းသော မြင့်မြတ်သန့်စင်ရာ ဘုံဘဝမှာ
ငြိမ်းအေးပါစေ ဆရာ ။ ။

( ဓာတ်ပုံ crd @ဆရာမောင်ကြူးရင့် ၏ ကလောင်ခွဲ
ကြယ်တာရာ အမည်ဖြင့် ရေးခဲ့သော စာသား )

.                 ငွေ့ငွေ့လေးမျှ မေ့၍မရသော                             သက္ကရာဇ်များ                                -----...
28/05/2025

. ငွေ့ငွေ့လေးမျှ မေ့၍မရသော
သက္ကရာဇ်များ

-------------------
၂၀၂၁ - ၂၀၂၄
အွန်လိုင်းစာမျက်နှာထက်က အမှတ်တရ ကဗျာများ
အပိုင်း ၊ ၁၁ ၊
---------------------



#မိုဃ်းဇက်သော်
#သင်းယသော်
#မသောက်
#ကိုစိန်သစ်
#ခလင်းသစ်
#ချောဘသစ်
#ထက်သစ်
#ဒီဒေးသစ်
#နှောင်းသစ်
#ဗပိုးသစ်(တော်ခရမ်း)
#မောင်နေသစ်(ရေဦး)
#မိုးအိမ်သစ်
#ရတုသစ်
#သွန်းဟန်သစ်
#နီသွေး
#နိုင်မွန်အောင်သွင်
#နိုင်မွန်အောင်သွင်
#ကြာညိုသွယ်
#ဇာဇာသီရိဟန်
#လင်းနက်ဟန်



[ photo ∆ mne ]

🧱🧱🧱🧱🧱🧱🧱🧱🧱🧱🧱🧱🧱🧱🧱🧱


🎣
ခက်


ရေဆိုးမြောင်းထဲမှာ
ဦးနှောက်တွေ အထွေးလိုက်​ မျောနေတယ် ။

အသက်ငင်နေတဲ့ ခွေးဝဲစားတစ်ကောင်
လောက်တဖွားဖွားတက်လို့ ။

အထူးကုဆရာဝန်ဟာ
ကင်ဆာနောက်ဆုံးအဆင့် ။

ရထားက ပက်လက်လန်နေတယ်
ဖနောင့်သံဆူးနေတယ်
ဝဋ်ကြောင်းတရားက ဘယ်အခါမဆို ချိုမြိန်နေဆဲ
ဘယ်ဘုရားမှ မကယ်နိုင်တော့ပါဘူး။ ။

မိုဃ်းဇက်သော်
၂၂ နိုဝင်ဘာ ၂၀၂၃ 🔳



🎣
ခရီး


ခြေထောက်က
ခရီးလျှောက်ဖို့ ။

ခရီးက ပျောက်နေတော့
ခြေထောက်ပါ သယ်နေရတယ် ။ ။

သင်းယသော်
၁၆ အောက်တိုဘာ ၂၀၂၃ 🔳



🎣
ကိုယ့်ကဗျာထဲမှာ နှင်းဆီတွေကို မြုပ်နှံထားတယ်


ကိုယ့်ကဗျာထဲမှာ နှင်းဆီတွေကို မြုပ်နှံထားတယ်
အဲဒါကြောင့် ဖတ်တဲ့သူက နှင်းဆီနံ့ ရသွားကြတယ်
ကိုယ်အိပ်စက်နေတဲ့ အခါမှာလည်း ရှေးစာဆိုတွေက
ကိုယ့်ကဗျာကို တယောက် တကြောင်းဆီ
ဝိုင်းရေးသွားကြပါတယ်
အဲဒါကြောင့် မင်းဖတ်နေတာတွေထဲမှာ
သူတို့ စာကြောင်းတွေ ပါနေတာပေါ့ ။

မုန်တိုင်းရဲ့ မျက်စိကို ကိုယ့်ဆီမှာ တပ်ထားတယ်
ဒါကြောင့် ကိုယ်ပထမဆုံး မျက်စိကျခဲ့တာက
ကမ်းခြေပေါ့
ကိုယ့်အရပ်က မြင့်လွန်းတော့ တိမ်တွေနဲ့ မလွတ်ဘူး
ပြည်နယ်တစ်ခုလုံးမှာ ကိုယ်တို့တစ်မြို့တည်း
တိမ်ထူထပ်နေတယ်
ပြီးတော့
ငြိမ်သက်နေတဲ့ ရေပြင်ပေါ် ခုန်တက်လာတဲ့
ငါးတွေရဲ့ ခေါင်းထဲက ဂီတဟာ
မြန်မြန်ပဲ အသံတိတ်သွားခဲ့တယ် ။

ကိုယ်တို့ရဲ့ သွားတွေဟာ တချိန်က မာကြောဖူးပြီး
ကိုယ်တို့ဆီ ရောက်လာတဲ့ လိမ္မော်သီးတွေ
မချိုမြိန်တော့ပါ
ကိုယ်တို့နဲ့ တိုင်းပြီးချုပ်ထားတဲ့ အဝတ်တွေ
တချို့ပုံကျပြီး တချို့ ချုပ်သားတွေ ထွက်နေတယ်
နယ်မြို့မှာ ကိုယ့်ခြေထောက်တွေ ကျန်ခဲ့တယ်
စီးထားတဲ့ ဘွတ်ဖိနပ်မှာ မြေနီနီတွေ ကပ်ပါလာပြီး
သမံတလင်းပေါ်နင်းခဲ့တဲ့ ခြေရာတွေ
ထင်ကျန်ခဲ့တယ် ။

ဝေးဝေးက မြင်ရတဲ့စေတီမှာ တံခွန်တွေလွင့်နေ
နောက်ဘဝထိ လွင့်နေကြ
တောင်ပေါ်တက်တဲ့ လှေကားဟာ
စုံနဲ့ဆုံးလား မနဲ့ဆုံးလား မရေဖြစ်ကြတော့ပါ ။

ကိုယ်တို့ဆီ ရောက်ခါနီးမှ ငြိမ်းသွားတဲ့ တောမီးတွေ
ကိုယ်တို့ ခနပဲ ကြည့်လိုက်ရတဲ့ ဒုဌဝတီမြစ်ရေ
ကိုယ်တို့ကို လက်ဆောင်ပေးတဲ့ ပုလင်းတွေကို
ဖွင့်လိုက်တယ်
ငယ်ဘဝဟာ ဆားရည်စိမ်ပြီးသား ဖြစ်နေတယ် ။ ။

မသောက်
၂၉ စက်တင်ဘာ ၂၀၂၄ 🔳



🎣
နှင်းမီး


အိပ်မက်ဟာ မီးလောင်နေပေါ့
ပြောတာပဲ ကောက်ရိုးမီးလို့
ငြိမ်းဖို့ရာ မျက်ရည်က မကျန်တော့ ။ ။

ကိုစိန်သစ်
၁၈ နိုဝင်ဘာ ၂၀၂၁ 🔳



🎣
ကြေကွဲ လူငယ်


ပြောကြတယ်
မြစ်က ငါးကို မျှားတယ်
ငါးကို ငါးစာက မျှားတယ်
ငါးစာကို ငါးမျှားချိတ်က မျှားတယ်
အဲဒီနောက်မှာ
ငါးမျှားချိတ်ကို ဘယ်သူတွေက မျှားခဲ့သလဲ ။

အလှဲအလှယ်ခံနေရ
မျောချခံနေရ
အတိုက်အစားခံနေရတုန်း ။

ခေတ်တစ်ခေတ်ရဲ့ ပြယုဂ်မှာ
လဲကျလိုက် ပြန်ထလိုက်
ပြိုလဲလိုက် ထူမတ်လိုက်နဲ့
ခုံ ခုထိုင်နေတဲ့
ပြတိုက်အသေတွေထဲ
ဝတ်ဆံတွေကသာ တဖြုတ်ဖြုတ် ကြွေ ။ ။

ခလင်းသစ်
၃ ဇန်နဝါရီ ၂၀၂၄ 🔳



🎣
တတိယကမ္ဘာစစ်လက်ကျန်


လက်ဖြောင့်တပ်သားတွေမှာ လက်မပါတော့ဘူး
မင်းလည်း " ဘရူးတပ်စ် "
ငါလည်း " ဘရူးတပ်စ် "
မင်းလည်း သုဘရာဇာ
ငါလည်း သုဘရာဇာ
ကျီးကန်းတောင်းမှောက် မျက်ကလူးဆန်ပြာ
ကျင်းကိုယ်စီ တူးလို့ ..
နှစ်ယောက်အိပ်ကုတင်တွေမျိုးတုံးသွားပြီ ဆိုလား
"ချစ်ခြင်းမေတ္တာ"က ဆက်သွယ်မှုဧရိယာပြင်ပ ဆိုလား
"ထရိုဂျန်မြင်းရုပ်ကြီး"ကိုယ်စီနဲ့ လမ်းသလားနေကြ
ခု မင်းခလုတ်တိုက်မိတဲ့ ကျောက်ခဲဟာ
အရင်တခါက မင့်မျက်ရည်ပုံဆောင်ခဲတွေပေါ့။ ။

ချောဘသစ်
၂၁ မေ ၂၀၂၄ 🔳



🎣
စိတ်အတောင်ခတ်သံ


တနေ့သား ဒီအိပ်မက်ကို အရအမိ မက်မိတယ်
ငှက်ကလေးရဲ့ အတောင်ဖျားမှာ
အတွေးက ကပ်ငြိပါသွားပုံ
ငှက်ကလေး အတောင်ပံတဖျတ်ဖျတ်
ငါ့အတွေးလည်း တလှပ်လှပ်
ရေတံခွန်နားက ဖြတ်ပျံတော့
ရေမှုံရေမွှားလေးတွေ အတွေးမှာ
စိုစိစိနဲ့ တွယ်ကပ်လို့ ..
ငှက်ကလေး သစ်ကိုင်းမှာ နားလိုက်ဟန်
အိမ်တအိမ်ရဲ့ ပြတင်းပေါင်မှာ နားခိုဟန်
စိမ်းစိုလှပပြီးအရောင်စုံပန်းခင်းပေါ် ဖြတ်ပျံတော့
ငါလည်းငှက်ကလေးနှယ်ကြည်နူးမဆုံးဘူး
ငှက်ကလေး သဘာဝတရားကြီးမှာပျော်ရွှင်ပုံ
ဟောဒီ့ လောကီကြီးက ပိုပိုပြီးသာယာလာပုံ
ငါ့နှလုံးခုန်သံစည်းချက်မှာ တေးသီပုံ
အခုထိ
ငှက်ကလေးရဲ့အတောင်ဖျားမှာငါ့အတွေးတွယ်ငြိနေပုံ
အချိန်ကာလတခုမှာ အိပ်မက်ကပြီးဆုံသွားမှာ
ငှက်ကလေးနဲ့ငါခွဲခွာသွားရမှာ
တွေးကြည့်ရုံလေးနဲ့ ငါ့မှာလွမ်းရဆွေးရ
တသသဖြစ်ရ ဘာပဲဖြစ်ဖြစ် ...
လူမှုအထွေထွေကို မင်းနဲ့အတူသိခဲ့ရ
ကြုံတွေ့ရသမျှဟောဒီလောကီကြီးမှာ
မခွဲမခွာလိုပေမဲ့ မင့်အတောင်ပံတွေလေးလံလာရင်
ငါ့ကိုဖြုတ်ချ ခါချခဲ့ပါကွယ့်
ငါကငြင်းဆန်ခံရခြင်းမှာအသားကျခဲ့သူကြီးပါ
မင့်မျက်ဝန်းအစွန်အဖျားကနေ
ကမ္ဘာကြီးကို တွက်ချက်ကြည့်ဖို့ရာ
ငါ့စိတ်ကလေးလည်း မအားရှာခဲ့ပါဘူးကွယ်
ဒီ ဒုလ္လဘမှာ ငှက်ကလေးနဲ့အတူ
ငါ့စိတ်ဝိဥာဉ်စီးမျောခဲ့ရတာ ရခဲပေလှစွာပါပဲ
ရောင်စုံပန်းတွေရဲ့အပေါ်မင်းဝဲပျံခဲ့သလို
လူမှုဒုက္ခတောပေါ်လည်းမင်းဝဲပျံခဲ့တာပါပဲ
လူမဆန်ယုတ်ကန်းသူများနဲ့ သူတော်ကောင်းတွေရဲ့
အပေါ်လည်း မင်းဝဲပျံခဲ့တာပဲမဟုတ်လား
ငါသေသေချာချာရလိုက်ပါရဲ့
ဟောဒီ့လောကဓံကြီးရဲ့သံဝေဂတရားတွေကိုပေါ့
ငှက်ကလေးရေ မင်းဆက်လက် ပျံသန်းပါ
လွတ်လပ်သောတေးကိုဆက်ပြီးသီကြွေးပါ
မလွတ်လပ်သေးသောငါတို့ဘဝတွေရဲ့အပေါ်
ဆက်ဆက်ဝဲပျံပါ ။

ထက်သစ်
၁၆ ဇူလိုင် ၂၀၂၂ 🔳



🎣
လမ်းရွေးသူ


ဘယ် သွားတာလဲ
ဘယ်ကို သွားနေတာလဲ
လမ်းရွေးဖြောင့်သူ မြစ်ကတော့
ပင်လယ်မှုပြုလိုက်တယ်
ဘယ်သွားတာလဲ
ဘယ်ကိုသွားနေတာလဲ။ ။

ဒီဒေးသစ်
၁၈ ဩဂုတ် ၂၀၂၁ 🔳



🎣
အိပ်မက်


မယုံကြည်နိုင်လောက်တဲ့ ကောက်ကျစ်မှုတွေ
အိပ်မက်တွေ မှုံပြာနေတယ် ။

မနက်ဖြန်မရှိတော့ဘူးလား
ကျွန်တော်အသက်ရှူဖို့မေ့နေတာ ဘယ်နှစ်မိနစ်လဲ
အတ္တကြီးသောရေသဖန်းသီးတစ်လုံးကို
ခြေဖြင့်နင်းလိုက်တယ် ။

ကမ္ဘာမြေရဲ့ ယိုင်နေတဲ့မျဥ်းကြောင်းတွေ
ဘယ်တော့များမတ်မျဥ်းဖြစ်မလဲ
ဆက်လျှောက်ရမယ့်လမ်းကို
ကော်ဖြင့်ဆက်ဖို့ အသင့်ဖြစ်ပြီလား ။

အခုတော့ဖြင့် ဒုက္ခမိုးပေါက်တွေ စိုစိုရွှဲစေပြီ
မုန်တိုင်းတွေပြင်းထန်နေတုန်း
ရင်ထဲအမုန်းများ လှိုင်းတွေကြီးခဲ့တယ်
ကျွန်တော့်ရဲ့အတောင်ပံကျိုးသွားသော အိပ်မက်တွေ
ကျွန်တော့်ရဲ့
ဆက်လက်မပျံသန်းနိုင်သော အိပ်မက်တွေ
အိပ်မက်တွေ မက်ခဲ့တယ် ။ ။

နှောင်းသစ်
၄ ဒီဇင်ဘာ ၂၀၂၁ 🔳



🎣
အဟောသိကံ


ကျွဲတစ်ကောင် အိုင်ထဲ
စောင်းသမားက စောင်းတီးဆဲ
ကွင်းပြင် မှောင်မည်းမည်း ။ ။

ဗပိုးသစ်(တော်ခရမ်း)
၇ ဇန်နဝါရီ ၂၀၂၄ 🔳



🎣
တကယ့် ကြယ်


အလင်း​ပေးခဲ့တယ်
စွမ်းအင်​ပေးခဲ့တယ်
​နွေး​ထွေးမှု ​မေတ္တာပွင့်​တွေထွန်းသစ်
ရင်ထဲကကြယ်အစစ်ဆိုတာ
မ​သေမျိုးဖြစ်ရဲ့ ။ ။

​မောင်​နေသစ်(​ရေဦး)
၇ အောက်တိုဘာ ၂၀၂၄ 🔳



🎣
နွေသို့ ဦးညွတ်ခြင်း


လောင်နေတဲ့ တောမီးမှာ
တဖောင်းဖောင်း ထ ပေါက်တဲ့နှလုံးသား ။

အိမ်ဖွဲ့ လ ထဲ
အိမ်လွမ်းနာကိုတေးသီနေတဲ့ နွေတယော ။

အဝါရောင်နေကြာပန်းတွေက
ကျဆုံးရဲဘော်နာမည်တွေနဲ့ ပွင့်နေတယ် ။

တစ်ဆစ်ချိုးသွားတဲ့တောင်တန်းတွေအောက်
စစ်ကြောင်းကျသွားတဲ့တောင်ယာတဲကလေး ။

ကျွန်းရွက်တွေ ကျွမ်းလာပြီးနောက်
ကြယ်တွေ ကျိုးကြေလာတယ် ။ ။

မိုးအိမ်သစ်
၃ မတ် ၂၀၂၂ 🔳



🎣
ဆောင်းတစ်ပြေးစာ


အလွမ်းက ပစ်မိန့်ပေးလိုက်ပြီ
သတိရစိတ်မှာ ကျည်ကုန်နေသတဲ့
အချစ်ချင်း မမျှတဲ့ တိုက်ပွဲမှာ
ဘဝက ပြေးလမ်းပိတ်သွားတယ် ။

ညီလေးက ရယ်ရတယ်
အလွမ်းတကားကားနဲ့ ချစ်သူကို တမ်းတလို့
ဘယ်တော့ အိမ်ပြန်ရမလဲ တဲ့
မသေမချင်း အိမ်ပြန်လို့ ရတာမို့
မသေအောင် ဂရုစိုက်ဖို့ပဲ မှာရတယ် ။

မလွယ်ကူမှန်း သိလျက်နဲ့
ပိုခက်တဲ့ဘဝတွေက အသက်ပေးပြီး
​ရှေ့တန်းမှာ နေရာယူပေးထားရတယ်
နောက်တန်းကလည်း
နောက်ကျောနဲ့လိပ်ပြာ လုံအောင် နေပေးကြဖို့ပါပဲ ။

ဆောင်းမကျွတ်ခင်မှာ
လွတ်လွတ်လပ်လပ် ပြန်ပျော်​စေချင်ပါတယ်။ ။

ရတုသစ်
၂၀ ဒီဇင်ဘာ ၂၀၂၁ 🔳



🎣
အိမ်


တိမ်တွေကိုစက္ကူရုပ်ချိုးကြည့်တယ် အိမ်ပုံ
သရေကွင်းနဲ့အရုပ်လုပ်ကြည့်တယ် အိမ်ပုံ
သဲပေါ်မှာအရုပ်ခြစ်မိတယ် အိမ်ပုံ
ခေါက်စရာတံခါးရှာမရဘူး
ရေမှာ
အရုပ်ရေးမိခဲ့ ။ ။

သွန်းဟန်သစ်
၂၈ စက်တင်ဘာ ၂၀၂၂ 🔳



🎣
H o r r o r M o v i e


လမ်းကို နေလှန်းပြီး
အရိပ်က ဘေးမှာလာအိပ်နေတဲ့ နွေနေ့တွေ ..။
မြစ်ကို လေလိုသဘောထားပြီး
ကြယ်ပင်လေးရဲ့ အမြစ်ကို မချစ်နိုင်တဲ့ နွေညတွေ..။

ငါတို့ကို ပြန်ငေးနေတဲ့ တံခါးဝ,မှာ
ကျည်ပေါက်က ပန်းပွင့်ပုံ ဖောက်ထားသလို ..။

ငါတို့ကို ပြန်သွယ်ထားတဲ့ မီးကြိုးမှာ
ဒဏ်ရာက မော်ဖိန်းကို စွဲလာသလို ..။

အတွေးက လူလောက်အပြေးမသန်တဲ့အခါ
နွေဆိုတာ ကိုယ်ပေါ်မှာ ကခုန်နေတဲ့ တံလျှပ်လိုပါပဲ..။

မွဲဆေးလို့သာ ခေါ်တာ
ဘာရောဂါမှ မပျောက်ပါဘူး ..။ ။

နီသွေး
၃၀ မတ် ၂၀၂၂ 🔳



🎣
ဗုံသံတွေမမှည့်သေးဘူးလား


ငါငိုတယ်
ဒါကြောင့် ငါရှိတယ်။

မင်းဆီကို ငါမရောက်ဖူးဘူး။
ဒါပေမယ့်
ချစ်လို့ရတယ်
နာကျင်လို့ရတယ်။
လူသိရှင်ကြားလောင်ကျွမ်းပြီး
လူမသိသူမသိ မီးခိုးတိတ်ခဲ့ရသူ မြို့ကလေးရေ

စိုက်သည့်အတိုင်းရိတ်သိမ်းဖို့က
ဗုံသံတွေ မမှည့်သေးဘူးလား။ ။

နိုင်မွန်အောင်သွင်
၆ နိုဝင်ဘာ ၂၀၂၁ 🔳



🎣
အိုးစည်သံတွေကြားနေလျက်
ပျော်ဖို့ကခက်ပါတယ်


ည ည ည
မနက် မနက် မနက်
စိတ်က မီးခိုးတွေအူနေလျက်
ပျော်ဖို့ကခက်ပါတယ်။

ထင်းရှူးတောထဲသွားတယ်။
ရေအေးကန်ဖက်လမ်းလျှောက်တယ်။
တကယ်ကောအေးမြနေပါသလား။
မေးခွန်းများကတလက်လက်နဲ့
ပျော်ဖို့ကခက်ပါတယ်။

ကျောခိုင်းထွက်ခွါသွားခဲ့ကြတာ
ဘာမှမကြာလိုက်ဘူး။
တကယ်တော့
ကြာပါတယ်။
တစ်မနက်ဆိုလည်း
တစ်သက်လိုပဲ ကြာပါတယ်။
အတွေးတွေမှာစိတ်ချင်းဆက်နေလည်း
ပျော်ဖို့ကခက်ပါတယ်။

အလိုက်သင့်အလျားသင့်
ချယ်ရီတွေပွင့်သွားကြ၊
ပိတောက်တွေပွင့်သွားကြ၊
စိန်ပန်းတွေ နီလွင်ကြ၊
စိန်ပန်းတွေ ခရမ်းပြာကြ၊
နှင်းဆီတွေလည်း ဝေနေပါလျက်
ပျော်ဖို့ကခက်ပါတယ်။

ငါတို့ရိုးရာ
ငါတို့ရိုးရာ
ငါတို့ရိုးရာ
ပွဲတော်တွေရှိတယ်
နေ့ပွဲညပွဲတွေရှိတယ်
ချောင်းရေလိုကြည်လင်ကြ၊
တောင်တန်းတွေလိုခိုင်မာကြ၊
ထင်းရှူးတောနဲ့တောင်ယာခင်းများလို
စိမ်းစိုလတ်ဆတ်ကြ၊
တနယ်တကျေး
ကိုယ့်သွေးကိုယ့်သားတွေကို
အပြေးအလွှားသတိရ ရ။
အလွမ်းက မီးဖိုထားလည်းနွေးမလာဘူး။
အိပ်မက်ဆန်ဆန်
အိုးစည်သံတွေကြားနေလျက်
နာကျင်မှုကခုန် ခုန်ထွက်လာတော့
ပျော်ဖို့ကခက်ပါတယ်။ ။

နိုင်မွန်အောင်သွင်
၃ ဒီဇင်ဘာ ၂၀၂၃ 🔳



🎣
ထိုအပြုံး


မနက်ခင်း
မျက်နှာသစ်ပြီးစ ကောင်းကင်ကို
ပြုံးပြလိုက်တယ် ။

နေ့လည်ခင်း
ပူလောင်နေဟန်ရှိတဲ့ ကောင်းကင်ကို
ပြုံးပြလိုက်တယ် ။

ညနေခင်း
သွေးသံရဲရဲ ကောင်းကင်ကို
ပြုံးပြလိုက်တယ် ။

ညခင်း
အမှောင်အတိကျနေတဲ့ ကောင်းကင်ကို
ပြုံးပြလိုက်တယ် ။

အဲဒီည အိပ်မက်ထဲမှာ ကောင်းကင်နဲ့တွေ့တယ်
သူကို ကြည့်လိုက်တော့ ဗလာမျက်နှာနဲ့
ပြုံးဖို့မေ့နေတဲ့ ကျွန်တော့်ကို သူက ပြုံးပြတယ်
ဒါပေမယ့် အရောင်မဲ့ ..။ ။

ကြာညိုသွယ်
၂၁ ဇန်နဝါရီ ၂၀၂၂ 🔳



🎣
အသစ်မျက်နှာ


ကားအသစ်ရဲ့ခေါ်သံက ဖိနပ်အသစ်လို မလှဘူး
အိမ်အသစ်ရဲ့စာလုံးပေါင်းက
အကျီအသစ်လို ဖတ်မကောင်းဘူး
ညအသစ်ရဲ့ငိုက်မြည်းပုံက
နေ့အသစ်လောက် မနာကျင်ရဘူး
ကဗျာအသစ်မှာ ဆင်ဝင်ပေါက်မရှိဘူး
အက္ခရာအသစ်က ရေသန့်သောက်ချင်တယ်
ဂြိုလ်သူမအသစ်ရဲ့အရိုးငြမ်းကို ဇကာမတပ်ထားဘူး
မိတ်ကပ်အသစ်ထဲ စတီးရွိုက်အသစ်ထည့်ဖို့မသင်မိဘူး
မျက်ရည်အသစ်ဆိုတာ ပြက္ခဒိန် အသစ်ရဲ့ရက်စွဲပဲ
လူဆီဖာအသစ်လောက် လှတာ
နတ်စိမ်းအသစ် မသိတာ ခက်တယ်
ဘုရားအသစ်ပွင့်တိုင်းတော့
ဗိုက် အသစ်တွေ ကိုယ်ဝန်ဆောင်ကြတယ်
ငါ အသစ်ကို ငါတရားအသစ်ဟောရဦးမယ်
အသစ်သေပြီးရင်တောင် ဘဝအသစ်မရှိစေရ ။ ။

ဇာဇာသီရိဟန်
၂ သြဂုတ် ၂၀၂၃ 🔳



🎣
ဗုံးစ


ကမ္ဘာဖျက်မိုးကြီးရွာတည်းက
အိပ်ရာထ​နောက်ကျတတ်တဲ့​ကောင်ပါ ။

​ခြေတစ်ဖက်မသန်လို့
မီးကင်း​စောင့်​နေရတယ် ။

စာပို့သမားတစ်​ယောက်​လောက်​တော့
​ဆေးသားခိုင်ဖို့ ​ကောင်းပါတယ် ။

​ခြေလှမ်းပြင်​နေတုန်းရှိ​သေး
ထီလက်မှတ်က ​ပျောက်သွားပြီ ။

လူသတ်ကုန်းကို ​ရောက်ပြီတဲ့လား
​​ရေသာ များတယ်
ငါးတစ်​ကောင်မှ မ​တွေ့ခဲ့ဘူး ။

​နေပွင့်လာရင်​တော့
ရုပ်ရှင်ပိတ်ကား​ပေါ်မှာ
နာရီလက်တံလို လှည့်​နေလိုက်ဦးမယ် ။

ခု​လော​လောဆယ်​တော့
​ရှေး​ဟောင်းပြတိုက်ထဲမှာ
တိုးသက်ညင်သာ
ငါ ဘက်ထရီအားကုန်​နေပြီ ။ ။

လင်းနက်ဟန်
၂ ဒီဇင်ဘာ ၂၀၂၂ 🔳




🧱🧱🧱🧱🧱🧱🧱🧱🧱🧱🧱🧱🧱🧱🧱🧱🧱

.                 ငွေ့ငွေ့လေးမျှ မေ့၍မရသော                             သက္ကရာဇ်များ                                -----...
10/05/2025

. ငွေ့ငွေ့လေးမျှ မေ့၍မရသော
သက္ကရာဇ်များ

-------------------
၂၀၂၁ - ၂၀၂၄
အွန်လိုင်းစာမျက်နှာထက်က အမှတ်တရ ကဗျာများ
အပိုင်း ၊ ၁၀ ၊
---------------------



#ကိုအင်းဝ
#ဂျွန်နေဝါ
#ငြိမ်းဝေ(ကဗျာ့အိုးဝေ)
#စောဝေ
#ဆောင်းဝေ(နတ်မောက်)
#မိုးသစ်ဝေ
#မြတ်ဝေ
#လျှမ်းထက်ဝေ
#အောင်မှူးဝေ
#ဧညိမ်းဝေ
#နွန်ဝေး
#မိုးဝေး
#အောင်ဝေး
#အောင်ဝေး
#မောင်စိန်ဝင်း(ပုတီးကုန်း)
#မောင်စိန်ဝင်း(ပုတီးကုန်း)
#ဝိုင်(မန္တလေး)
#မောင်ကြည်သာ(တောင်တွင်း)
#မောင်စွမ်းသာ
#ဘသီ(တေးသီငှက်)
#သရက်သီး(ရေနံချောင်း)
#မြေလတ်မောင်မြင့်သူ






[ photo ∆ mne ]

🧱🧱🧱🧱🧱🧱🧱🧱🧱🧱🧱🧱🧱🧱🧱🧱


🎣
မြေရိုင်း


အညွန့်တလူလူလေးတွေ
နေရာရွှေ့ စိုက်နေကြရတာ
တွေးတွေးပြီး ရင်နာတယ် ။ ။

ကိုအင်းဝ
၂၅ ဧပြီ ၂၀၂၄ 🔳



🎣
ကြယ်တံခွန်မျှားသူ


မနေ့က
တဲရော့ဖဲတချပ်ဆွဲလိုက်တယ်
ဒီနေ့မှာ
ဘဝတခုကိုရတယ် ။

မနက်ဖန်
ဂလက်ဆီတန်းကြီးပေါ်တက်မယ်
နောက်နေ့မှာ
ကြယ်တံခွန်တွေကိုမျှားမယ် ။

နောက်တနေ့မှာ
ခိုပြာတွေကို အစာကျွေးမယ် ။

နောက်တနေ့မှာ
အမေ့ဆီပန်းစည်းပို့မယ် ။

နောက်တနေ့မှာ
ချစ်သူပုံကိုတက်တူးထိုးမယ် ။

နောက်တနေ့မှာ
ဗေဒင်ဆရာဆီသွားမယ် ။

နောက်တနေ့မှာ
စစ်ဇုန်ထဲပိတ်မိနေတဲ့
ကို့သူငယ်ချင်းဆီဖုန်းဆက်မယ် ။

တချို့က ဘဝကို
စာမျက်နှာတွေလို့ ပြောတယ်
တချို့က ဘဝကို
ရှိခြင်းတရားတွေလို့ ပြောတယ် ။

ကိုယ်က သိခြင်းကင်းမဲ့တယ်
ခံစားမှုက ဇဝေဇဝါပဲ
ဒီလိုနဲ့ပဲ
ကြယ်တွေကို ငေးဖြစ်တယ် ။ ။

ဂျွန်နေဝါ
၂၇ ဇူလိုင် ၂၀၂၂ 🔳



🎣
အသစ်စက်စက် နွေဦး


ဒဂုန်တာရာက
နွေဦးသစ်မှာ ပေါ်တဲ့ပွင့်သစ်တဲ့
ငါက
ခါးကြားထဲက နွေဦးကို ဆွဲထုတ်
ပန်းချီစိတ်ဖျဉ်စပေါ် တင်လိုက်တယ်
အသစ်စက်စက် နွေဦး။

တနေကုန်
ဥဩသံ နားထောင်
တနေကုန်
နှလုံးသားပေါ် နှင်းဆီကိုင်း ချဆွဲ။

လက်ပေါ်မှာ
နေမင်းလမင်းတထောင်
ဘောင်မခတ်ခဲ့ဘူး။

မောပန်းတကြီး
ပြောင်းခင်းကြီးထဲ ဖြတ်တယ်
လက်ပံပင်ကြီး မော့ကြည့်တယ်
တကယ်ဟုတ်ရဲ့လား
တပင်လုံးမှာမှ လက်ပံတပွင့်ထဲ(တည်း)။

မြူတွေကြား
ငါ
သီချင်းတပုဒ်ဆိုမိပြီ။

သီချင်းသံဆုံးတဲ့အခါ
ဘယ်တောင်ကုန်းမှာများ
နွေဦးကို ခေါင်းအုံးပြီး အိပ်ရပါ့ ။ ။

ငြိမ်းဝေ(ကဗျာ့အိုးဝေ)
၂၁၊ ၂၊ ၂၀၂၄ 🔳



🎣
ကမ်းဝေး


လှိုင်းရေ ..
ရှိုက်သံစွက်တဲ့အလွမ်းတွေ
ငါ့စိတ်ကမ်းဆီ သယ်မလာပါနဲ့
ငါက ချစ်လို့
ပြန်လာခဲ့တာပါ
ပင်လယ် ။ ။

စောဝေ
၁၈ စက်တင်ဘာ ၂၀၂၃ 🔳



🎣
ပန်းခြံ


ကိုယ့်အလှည့်ကျမှ
ဇာတ်လမ်းကို အဆုံးကနေ စ,ရတယ် ။

ပန်းတွေကို ခြံခတ်ထားပြီး
လူတွေက လာလာကြည့်ကြတယ်
ဆောင်းတွင်းလမ်းဟာ ဆူးတွေ
သတိရမှုဟာ သွေးတွေ ။

စာသားကိုဖျက်ယူသွားမှတော့
နားထဲကို အသံလို သီချင်းလို ရောက်လာဖို့လည်း
အလိုမရှိတော့ပါဘူး
ဆောင်းရာသီလို လူတစ်ယောက်
ခုံပေါ်မှာ ခိုက်ခိုက်တုန်နေတဲ့ သစ်ရွက် ။

လှမ်းကြည့်လည်း
ကိုယ့်အငိုမျက်နှာကို မြင်ရမှာမဟုတ်
မျက်ရည်က နှလုံးသားက ကျနေလို့ ။

ပျော်စရာဆို မေ့လွယ်ပျောက်လွယ်
ဒဏ်ရာဆို သံမှိုလို စွဲနေတတ်တယ် ။ ။

ဆောင်းဝေ(နတ်မောက်)
၃ ဒီဇင်ဘာ ၂၀၂၃ 🔳



🎣
မွေးရပ်မြေ


အမေ့ဗိုက်ထဲ ကိုးလကြာပျိုးအပြီး
သစ်ပင်လေးကို ကမ္ဘာမြေကြီးပေါ် ရွှေ့စိုက်ခဲ့တယ်။

ချက်ကြိုးမြှုပ်ခဲ့တဲ့ ဒီနေရာမှာ
တွယ်တာစိတ်ဟာ အမြစ်တွေလို ထူထပ်လာ။

ပစ္စန္တရာဇ်ဖြစ်နေလည်း
ပစ်ခွာမသွားရက်တော့ဘူး။ ။

မိုးသစ်ဝေ
၆ ဇွန် ၂၀၂၄ 🔳



🎣
မင်းပြန်ရောက်လာတော့


နေရောင်ခြည်ရတယ်
မိုးကလေးတွေ တစက်ချင်း ပြန်ကျတယ်
လူတစ်ယောက်မှာ ကိုယ်ပိုင်ကောင်းကင်တစ်ခုစီ
ရှိသတဲ့ ။

အုံ့မှိုင်းနေတဲ့ အဝါ
အစိမ်းရောင် ပြပြလေးဖောက်ထားတဲ့ အပြာ
မရယ်ရတဲ့ ကောင်းကင်တစ်ခု ။

ကဗျာဆရာတစ်ယောက်မှာတော့
ကိုယ်ပိုင်ရာသီဥတု တစ်ခုစီတော့
ရှိစမြဲ
မင်းပြန်ရောက်လာပေမယ့်
လွမ်းမြဲ လွမ်းနေ ။ ။

မြတ်ဝေ
၄ ဇူလိုင် ၂၀၂၃ 🔳



🎣
အဇာတသတ်ပုံပြင်


ကိုယ်ပေါ်
သောကညစ်ကြေးအထပ်ထပ်ရစ်ပတ်
သွေးစွန်းနေတဲ့ဓားသွား
ဒေသနာနဲ့ဆေးကြော စွန့်ပယ် ။

ဟောဒီ ဘဒ္ဒကမ္ဘာမှာ
ဓားချပေမဲ့
တရားရမသွားသူတယောက်

တကယ်
ရှိခဲ့တယ် ။ ။

လျှမ်းထက်ဝေ
၂၆ နိုဝင်ဘာ ၂၀၂၃ 🔳



🎣
အုတ်ဂူ


ဘယ်ဘဝကတည်းက အေးစက်နေခဲ့သလဲ
အနွေးဓာတ်ကို ဆာလောင်နေရော့မယ်
အုတ်ခဲတွေ
မင်းနာမည်နဲ့ထမ်းပြီး ပုံထားသလား။
မင်းကြိုက်တဲ့စာအုပ်ထဲက စာလုံးစောင်းစောင်းတွေနဲ့
မင်းအကြောင်း အနည်းငယ်
ရေးထိုးပေးထားတယ်။
မင်းနဲ့မတည့်တဲ့ ပန်းပင်ကြီးအောက််မှာ
ပန်းတွေက ကြွေလိုက်တာ
မင်းကို ကြည့်မရသူတွေတောင် ငိုလို့
မိုးပြိုသလား မှတ်ရတယ်။
ဆေးမခြောက်သေးဘူး
သွေးစက်တွေတော့ ခြောက်သွားပါပြီ သူငယ်ချင်း။ ။

အောင်မှူးဝေ
၆ ဇွန် ၂၀၂၁ 🔳



🎣
ဘယ်တတ်နိုင်မလဲ


လိပ်ပြာလေးတကောင်လို
မျက်ရည်က
လာ ဝဲပြနေတယ်။

စိတ်အရောင်ကို သ တော့
ခံစားမှုဟာ
အလှကြည့် ပျိုးဥယျာဉ်လေး။

အမြစ်ချင်း မဆုံဖူးပေမယ့်
ဝတ်မှုံဆိုတာ ထုံကူးလို့ရတယ်လေ။

ဘယ်အရပ်က လေညင်းမှ
ရနံ့ ကို သင်းသတ်လို့ မရပါဘူး။

ကံထူးချင်တော့
ဘယ် အကိုင်းထွက် ထွက်
ကိုယ့်မှာ
ကျီးပေါင်းပဲ လာတက်နေရ။

ဝေဒနာက
ကိုင်းဆက်ပြီးမှ လှတာ။ ။

ဧညိမ်းဝေ
၂၈ ဇူလိုင် ၂၀၂၁ 🔳



🎣
နှလုံးသားကို ကျစ်ထား


ရွှေကျီးတွေဘဝဆိုတာ
ပြိုမိမယ်ထင်ရင်
ဆန္ဒရှိရာ လာနားရိုးထုံးစံပဲ ။

ဒီခေတ်ဒီအခါဟာ
ဗူးသွပ်ခွံအစာက များလွန်းတယ် ။

ညီမလေးရဲ့
နှလုံးသားကို ကျစ်ထား
တို့မောင်နှမရဲ့အိမ်အိုလေးကို
တံခွန်တလူလူနဲ့ ဆေးခြယ််မယ် ။

ရေစက်တွေက
ရေဆေးဓားကိုကြောက်ရောလား
ညီမလေးရယ်
ဟန်ပိုမူရာ လူအခင်းကျင်းပါ ။

ဟုတ်ပါတယ်ညီမလေးရယ်
ညီမလေးက မြွေပွေးမ
ပါးပျဥ်းအမြဲထောင်နေ ။

တို့မောင်နှမ
စစ်တုရင်ခုံပေါ်မှာအမြဲတွေ့မယ်
ရန်သူကို မျက်လှည့်ပြမယ် ။

ခုဖြင့်
ညီမလေး နှလုံးသားကို ကျစ်ထား ။ ။

နွန်ဝေး
၂၁ ဇွန် ၂၀၂၁ 🔳



🎣
ဥယျာဉ်


အကြောင်းမရှိ အစင်းမရှိ
ပကတိမှန်သားပြင်အောက်မှာလား

အကြောင်းလည်းရှိ အစင်းလည်းရှိ
ပကတိဒဏ်ရာများနဲ့
တိမ် တွေ

အောက်မှာပါ ။ ။

မိုးဝေး
၁၅ ဧပြီ ၂၀၂၃ 🔳



🎣
ပျားလမ်း


နွေဦးကို
ဝတ်မှုန်ကူးဖို့
အဆိပ်လူးမြားတို့
လာပြီ ။

ယုံကြည်ခြင်းမှာ
လင်းယုန်စောင့်တဲ့
နှင်းဆီတစ်ခင်း ။

ရနံ့ နဲ့
ဝတ်ရည်ကို
ငုံပြီးရင်
ကိုယ့်အုံဆီ ကိုယ်ပြန်မယ် ။

လမ်းအဆုံးမှာ
တစ်တောလုံး ချိုစေအံ့ ။ ။

အောင်ဝေး
၇ ဒီဇင်ဘာ ၂၀၂၁ 🔳



🎣
စံပယ်ရုံကလေး


ငှက်ကလေး လာနှိုးတော့
ငါ နိုးနေပြီ ။

ဒီမနက်
နှင်းစက်လေးတွေ
တင်နေတဲ့
ပြတင်းပေါက်ကနေ
ငါ လွမ်းမိတယ် ။

ငါ့မှာ ပြတင်းပေါက်မရှိတဲ့
နေ့တွေ
ငါ ပြန်လွမ်းနေတာပါ ။

ဝရန်တာမှာ
တေးဆိုနေတဲ့ငှက်ကလေးကို
လှမ်းကြည့်မိတော့ -

အလို -
တံစက်မြိတ်က
ကျလုလု
နှင်းပေါက်ကလေးထဲမှာ
ငါပြုခဲ့သမျှ
ကုသိုလ်တွေ ပွင့်လို့ပါလား ။ ။

အောင်ဝေး
၁၀ ဧပြီ ၂၀၂၃ 🔳




🎣
သုံးချောင်းထောက်


မဝ်းကလေ..
ဘယ်ခြေတစ်ဘက်မဲ့
ဂျိုင်းထောက်နဲ့လူ။

ငါ့ဆီမှာ
ညာခြေကငုံးတိ
ဂျိုင်းထောက်သာရှိသူ။

တစ်ယောက်ပုခုံးတစ်ယောက်ဖက်
ကျန်ခြေတစ်ဘက်စီနဲ့လှမ်း
ပန်းတိုင်မရောက်မချင်း
မင်းနဲ့ငါကအတူတူ။ ။

မောင်စိန်ဝင်း(ပုတီးကုန်း)
၁၃ ဇွန် ၂၀၂၂ 🔳



🎣
အမေနေ့


အမေ့ကိုကန်တော့တဲ့ညက
ငါ့ကိုပါခေါ်သွား တဲ့
အမေ့စကားနဲ့
သွားလမ်းလာလမ်းဖြောင့်ခဲ့ပါရဲ့။

အမေ့ရဲ့အထက်ဆင်စက
အသက်ငင်ရတဲ့လမ်းမှာ
ဘေးမသန်းဘူးယုံတယ်။

အမေ့ရဲ့သွားအကျိုးက
အားကိုးစရာမေတ္တာစစ်
သစ္စာအဖြစ်နဲ့ဆောင်ထားတယ်။

အမေနေ့..တဲ့
အမေရှေ့မှာကန်တော့ချင်လို့
ကိုယ့်ဝိညာဉ်အမေ့ရွာအရောက်
ပြာအောက်မှာရှာမတွေ့လေမှ
ငါတနေ့နင့်ဆီလိုက်မယ်..
အမေ့စကားကို
ပြန်ကြားနေရဲ့။ ။

မောင်စိန်ဝင်း(ပုတီးကုန်း)
၂၅ ဇန်နဝါရီ ၂၀၂၄ 🔳



🎣
အက္ခရာမဲ့ ရပ်ဝန်း


ရင်က ဗလာကျင်းနေတော့
ကဗျာတွေ တုံးအ ကုန်တယ် ။

ငိုချင်းတွေ ရှည်လျားလွန်းလို့
အလွမ်းတွေ တေးမဖြစ်တော့ဘူး ။

ကျင်လည်ခဲ့ဖူးတဲ့ကိုယ်ကမ္ဘာလေးလည်း
ပြတ်ရှရာ အထပ်ထပ်နဲ့ ။

နဂါးလှည့်မသင့်တဲ့အရပ်ကိုမှ
ကိုယ့်မှာ တဝဲလည်လည် ။

ကိုယ့်အနာကို ပြန်ပြန်ဖဲ့ရတဲ့
ဝဋ်နာကံနာက ဒါပဲထင်ပါရဲ့ ။

မမ်မိုရီတွေ ကြည့်မိတိုင်း
နာကျင်ရောင်တွေက
ကွေးညွတ်နေတဲ့ ခုနစ်စဥ်တန်း လို ။ ။

ဝိုင်(မန္တလေး)
၇ အောက်တိုဘာ ၂၀၂၃ 🔳



🎣
ငါးမျှားခြင်း


တိတ်တိတ်ဆိတ်ဆိတ်
ငါးမျှားတံကို ကြည့်နေတဲ့အခိုက်
ဖော့တုံးရေထဲမြုပ်သွားတယ်
ဆွဲတင်လိုက်တဲ့အခါ
ငါးမျှားချိတ်မှာ တန်းလန်းတန်းလန်းပါလာတယ်
ငါကိုယ်တိုင်ပါပဲ ။

ငါ့ရဲ့စ်ိတ်ဟာ
ငြိမ်ငြိမ်ဆိတ်ဆိတ်မဟုတ်
အဲဒီငါးကလေးလို
တဖျပ်ဖျပ် ။ ။

မောင်ကြည်သာ(တောင်တွင်း)
၈ မတ် ၂၀၂၂ 🔳



🎣
ကြွက်ချေး


ရွေးလည်း ရွေးခဲ့ပြီးပြီ
ကောက်လည်း ကောက်ခဲ့ပြီးပြီ
ဘာလုပ်ဖို့လိုသေးလဲ
ဆွမ်းဆန်ထဲက ကြွက်ချေးများ ။ ။

မောင်စွမ်းသာ
၂၅ ဇန်နဝါရီ ၂၀၂၃ 🔳



🎣
အရှေ့ဘက်ခြမ်းက ဆယ့်နှစ်နာရီ


တဖြည်းဖြည်း အင်ဂျင်တွေ ပူလာမယ်
ရေတွေ ငတ်လာမယ်
ချောင်းတွေ တဟွတ်ဟွတ် ဆိုးလာမယ်
နောက်ဆုံး
မှီရာရထားတွဲတစ်ခုပေါ် ခုန်တက်လိုက်သွားမယ်
ဒါပေမယ့်
သူ
ဟက်ပီးနယူးရီးယား လို့
ကျွန်စိတ်အသံထွက်နဲ့
မအော်ဟစ်ခဲ့ ။ ။

ဘသီ(တေးသီငှက်)
၁ ဇန်နဝါရီ ၂၀၂၄ 🔳




🎣
အိမ်အပြန်


အိမ်ရှေ့ရောက်တော့
တံခါးက ဖွင့်မရ

အမေ လို့ အော်ခေါ်တော့
တုံ့ပြန်ထူးသံ မကြားရ

မထူးဘူးဆိုပြီး
ခဲနဲ့ အိမ်ခေါင်မိုးကို ပေါက်လိုက်တော့
ဓာတ်မီးတဝင်းဝင်းနဲ့ အမေ ထွက်လာတယ်

ကျနော့်ကို ကြည့်ပြီးတော့
" ငါ့သားရေ .. အမျှ အမျှ အမျှ " တဲ့ ။ ။

သရက်သီး(ရေနံချောင်း)
၂ မေ ၂၀၂၄ 🔳




🎣
"တစ်နေ့ပေါ့ကွာ ... "


သားက
သားအလုပ် လုပ်တယ် ။
သမီးက
သမီးအလုပ်လုပ်တယ် ။
အမေက
အမေအလုပ် လုပ်တယ် ။
ကဲ
ကြွေရဲသူတွေကြွေရဲလို့
ကြေကွဲသူတွေ ကြေကွဲတယ် ။
အနေမြဲသူတွေ
ဘယ်လိပ်ပြာနဲ့ လုံရဲပါ့
မျက်ရည်စနဲ့သွေးတဲ့ဓား
တောက်ခေါက်သံနဲ့သွေးတဲ့ဓား
နာကြည်းစိတ်နဲ့သွေးတဲ့ဓား
အမှန်တရားနဲ့သွေးတဲ့ဓား
ဓား
ဓား
ဓား
အဲဒီဓားနဲ့
မိစ်ဆာအသား
တစ်နေ့စားမယ်
ခါးချင်သလောက်ခါးစမ်းဟေ့ ။ ။

မြေလတ်မောင်မြင့်သူ
၅ ဒီဇင်ဘာ ၂၀၂၁ 🔳




🧱🧱🧱🧱🧱🧱🧱🧱🧱🧱🧱🧱🧱🧱🧱🧱

.                 ငွေ့ငွေ့လေးမျှ မေ့၍မရသော                             သက္ကရာဇ်များ                                -----...
29/04/2025

. ငွေ့ငွေ့လေးမျှ မေ့၍မရသော
သက္ကရာဇ်များ

-------------------
၂၀၂၁ - ၂၀၂၄
အွန်လိုင်းစာမျက်နှာထက်က အမှတ်တရ ကဗျာများ
အပိုင်း ၊ ၉ ၊
---------------------


#ခရမ်းပြာထက်လူ
#အလင်းအိမ်လေး
#ဇေယျာလင်း
#နေမျိုးလင်း
#နေလင်း
#ဘုန်းနိုင်လင်း
#မောင်မောင်ထိန်လင်း
#အယ်ဒီလင်း
#အယ်လင်း
#ကိုလတ်(ကလေး)
#မီရှယ်လတ်
#မြတ်မိုးလတ်
#ကိုစိမ်းလန်း
#မင်းဝေလွင်
#လူမျိုးလွင်
#သင်းရည်လွင်
#ခင်လွန်း
#ခင်လွန်း
#သျှစ်လှိုင်း
#မွန်လွှာ



[ photo ∆ mne ]

🧱🧱🧱🧱🧱🧱🧱🧱🧱🧱🧱🧱🧱🧱🧱🧱


🎣
အိမ်ပြန်နေသူများ


ညတိုင်း
ရေကူးသန်တဲ့မြစ်အောက်မှာ
ပက်လက်လှန်ပြီး
ကျွန်တော် ကြယ်တွေကိုဆဲတယ်။

မနက်ကျတော့
သူမဟာ သဲပုံဘေးထိုင်
ပင်လယ်ကိုစေတီတည်တယ်။

အဲ့ဒီလို တောအုပ်ကိုလွယ်ရင်း
ကျွန်တော်တို့ အိမ်ကိုပြန်နေကြ။ ။

ခရမ်းပြာထက်လူ
၂၉ နိုဝင်ဘာ ၂၀၂၁ 🔳



🎣
နွေတံခွန်


အဆင်မပြေဘူးတဲ့
အပြေးလေးဆင်းလာတဲ့တိမ်တွေ
ဆင်ခြေလျောတစ်ခုမှာခြေခေါက်လဲသွားတဲ့
သစ်တောလေး
ပါးချိုင့်လေးကျမမှာမရှိပေမယ့်
နေ့တွေကို ကျမကကောက်ပြီး ချိုမြိန်အောင်
အသက်သွင်းနိင်သူပေါ့
ပျံတော့ပျံနေတယ်တဲ့
ပန်းခြံထဲကတေးသွားလေး
အသွားရှစ်လက်မဓားနဲ့
ဘေးတိုက်ပြေးဆင်းနေတဲ့
ပျော်ရွှင်ခြင်းဆိုတာကြီးထိုးစိုက်ပစ်လိုက်တယ် ။

ခေတ္တ တိတ်ဆိတ်ခြင်းဟာ ထပျံသွားတယ်
အခန်းရဲ့ထောင့်ချိုးမှာအိပ်ပျော်နေခဲ့တဲ့ကဗျာလေး
ပျော်တစ်ဝက်နိုးတစ်ဝက်
သိပ်မကြာခင်ကကူးယူလာမိတဲ့ဒါဏ်ရာလေး
စာအုပ်ထဲကပြေးထွက်လာတဲ့ယုန်တစ်ကောင်လို
ရင်ထဲမှာ
တိမ်တွေဟာဟိုတစ်စုဒီတစ်ဖွဲ့
ကျမဘာကိုမျှမမှတ်မိတော့ ။ ။

အလင်းအိမ်လေး
၈ ဧပြီ ၂၀၂၂ 🔳



🎣
အကြောင်းပေါင်းတစ်ရာပြောလို့ရတယ်


အကြောင်းပေါင်းတစ်ရာပြောလို့ရတယ်
သစ်ရွက်ဟာ စိမ်းရာမှ နီ
နီရာမှ ညို
ညိုရာမှပဲ သူ့အလိုလိုကြွေသွားတယ် ။

အဲဒီမှာ
အကြောင်းပေါင်း တစ်ရာ့တစ်ခုဖြစ်သွားတယ် ။

အဲဒီမှာ
အကြောင်းအရာဟာ တစ်ခုတည်းဖြစ်တယ် ။

အဲဒီမှာ
အကြောင်းအရာဟာ သုညပဲဖြစ်တယ် ။

ကလေးတစ်ယောက်ရဲ့ လက်တစ်ဆုပ်စာမရှိတဲ့
ငှက်မည်းလေးဟာ
အဲဒီသစ်ရွက်ကြွေချိန်မှာပဲ
ထပျံသွားခဲ့တယ် ။ ။

ဇေယျာလင်း
၆ ဖေဖော်ဝါရီ ၂၀၂၄ 🔳



🎣
အီကွေတာ ထိကရုန်းကောင်


မိုးကြိုးစက်ကွင်းထဲမှာ
မတော်တဆ ရယ်မောမိတဲ့အခါတိုင်း
ထိတ်ကနဲ ထိတ်ကနဲ သိမ်ငယ်ညိုးရော်သွားရတဲ့
ထိကရုန်းပင်ပါပဲ ။

မျက်နှာသစ်ဖို့တောင် ရေမရှိတဲ့လက်နဲ့
ပန်းပင်တွေ ရေလောင်းချင်ရတဲ့အခါ
အလိုက်တသိ နှလုံးသားကတော့
မျက်ရည်တွေ လှမ်းပို့ပေးရှာပါရဲ့ ။

အီကွေတာစိတ်နဲ့ကောင်ဟာ
အောက်ဆီဂျင်ရှူခွင့်ရသူတွေရဲ့
ရယ်သံတွေကိုလည်း နာကျင်ရ
ကာဗွန်ဒိုင်အောက်ဆိုဒ် ရှူနေရသူတွေရဲ့
ငိုသံတွေကိုလည်း နာကျင်ရ ။ ။

နေမျိုးလင်း
၁၅ အောက်တိုဘာ ၂၀၂၂ 🔳



🎣
အလွမ်း


ကမ်းပါးပြိုစရာမရှိပါဘူး
ကျွန်တော်က
သောင်နှစ်ထပ်နဲ့ ညပ်နေတဲ့
မြစ်ကျိုးအင်း ။ ။

နေလင်း
၂၁ ဇွန် ၂၀၂၄ 🔳



🎣
နယူတန် မတွေ့တဲ့သစ်သီး


လေညင်းရဲ့ဝတ္တရားမှာ
နွေစံပယ်တွေ
ကြယ်လိုပွင့်တဲ့အကြောင်း ပြောဖို့မရှိဘူး ။

နွေလယ်တောက ကြာလေးတွေရဲ့ဘဝ
စာနာဘူးသူရဲ့အမှတ်တရဆိုတာ
ကြုံကြိုက်တတ်တဲ့ ဝတ္တရားလား ။

နှေးနှေးမြန်မြန်
အဝေးပြေးလမ်းပေါ်ကစိတ်ကူး
နှလုံးသားကို စက်ကုန်ဖွင့်မောင်းနေတယ် ။

အရာရာကို ဝတ္တရားပေါ်ပုံချမယ့်အစား
ချစ်ခြင်းတရားပေါ် ကြွေကျပါစေသား။

နွေကန္တာတောတောင်လမ်းမှာ
ကိုယ့်အလွမ်းတွေကို တစ်ချက်ခြင်းပစ်နေတာ
အနာဂတ်ကိုသိမ်းပိုက်ခြင်တဲ့ ချစ်ခြင်းတရားတွေ ။ ။

ဘုန်းနိုင်လင်း
၂၉ ဧပြီ ၂၀၂၂ 🔳



🎣
ကျိုးနေတဲ့အရိပ်


တောခြောက်တဲ့အသံတွေကြောင့်
ဟ ထားတဲ့စိတ်ကလေးအလန့်တကြားပြန်ငုံသွားတယ်
ချာတိတ်တယောက်ရဲ့အညွန့်အခက်လေးဟာ
သူ့ကိုယ်ပေါ်မှာပဲညှိုးနွမ်းနေခဲ့
နေရောင်ဟာ ခေါင်မိုးတည့်တည့်ကယိုနေတော့
သူ့အရိပ်ဟာ သိပ်ကိုတိုလွန်း
နောက်တော့
လွင့်နေတဲ့အင်္ကျီလက်ရှည်စတွေနဲ့
သူမျက်နှာကိုသူကွယ်လိုက်တယ်
ငေါထွက်လာတဲ့သက်ပြင်းချသံကို
လမ်းဘေးကသစ်ခြောက်ပင်နဲ့တံတားလိုဆက်ထား
ခါးသိမ်နေတဲ့ရေဗူးလေးထဲကစိမ့်အေးမှုဟာ
သူ့လည်ချောင်းမှာလာဆို့နေခဲ့
ဒါဟာ ဆုံးရှုံးမှုပါ
ဒါဟာ နစ်နာမှုပါ
ဒါဟာ
ရေဓာတ်နဲ့ဆားဓာတ်တို့ခမ်းခြောက်သွားတဲ့ဖြစ်စဉ်ပါ
မိုးကြိုးပစ်ခံရတဲ့သစ်ပင်လိုသူ့နာကျင်မှုကိုမပြပေမယ့်
ဒါဟာ
သေဆုံးသွားတဲ့လူညွန့်တချောင်းပါ
ရေထဲပြန်လွှတ်ခံရတဲ့ငါးထဲ
သူ့နာမည်မပါမှန်းသိတဲ့အခါ
ချာတိတ်ဟာ
အဓိပ္ပါယ်မသိတဲ့အက္ခရာတွေကိုတေ့ဆက်ပြီး
သူ့အရိပ်ကို ဆွဲဆွဲဆန့်နေတော့တယ်
ပင်လယ်ဘက်ထွက်တဲ့ညနက်တွေထဲမှာ ။ ။

မောင်မောင်ထိန်လင်း
၂၉ မေ ၂၀၂၂ 🔳



🎣
မိုးစက်တွေလို ခုန်.... ခုန် ...ခုန်


မင်း ထွန်းညှိထားတဲ့အလင်း ငါမြင်မှ
ဝါယာနှစ်စကို ငါထိစမ်းတုန်း
ရိုးရိုးသားသားပြောရရင် အကန်းပဲ ငါ့ဟင်းလင်းပြင်မှာ
ဆပ်ပြာဗူဘောင်းတွေနဲ့ငါ ဝေးနေတုန်း ။

သူငယ်ချင်း သူငယ်ချင်း ငါ့သူငယ်ချင်းတို့
မနေ့က မင်းတို့သုံးယောက် ဗာဒံရွက်တွေလို
ယမ်းခါလို့
နာနေတဲ့ခေတ်ထဲ
ရီမောသံ ဒေါသသံကို ငါတို့မှီထားတုန်း ။

မိုးတွေရွာရင်
မနက်ဖြန်ဟာ ပို ပိုခြောက်သွေ့လာလို့
ဒီနေ့ခြောက်သွေ့ရင်
နောက်တနေ့ဟာ ပို ပိုအသက်မဲ့သွားလို့ ။

ဖုန်းလိုင်းထဲက ဒီရေသံဟာ ငါ့ကို လာစင်လို့
မက်ဆေ့ထဲ သင်္ဘောတစင်းဟာ အခါခါနစ်မြုပ်လို့
ပြန်ဆက်ဦးကွာ ဖုန်းတစင်းဟာ အလျားလိုက်တုန်ခါလို့
ကဗျာတွေရွတ်မယ်ဆိုတဲ့ ဝါကျချိုချိုလေး ဒီရာသီမှာ
မိုးသီးမိုးပေါက်တွေလို ငါတို့မျှော်လင့်လို့
ငါ့ခေါင်းထက်က ပင်လယ်ဟာ လှိုင်းထလို့
မနေ့ကအကြောင်းတွေ ငါ့အခန်းမှာ
ချာချင်မပြည့်သေးလို့ ။

လေထဲက မိုးနံ့ဟာ လေထဲ ဝေးရာ
စိတ်နဲ့ရုပ်မှာ မိုးတွေမိလို့
ဖားတကောင်လို စွတ်စိုတဲ့ရာသီမှာ ခုန်.. ခုန် ပေါက်လို့
ပြတင်းတံခါးဝဆီ မိုးစက်တွေ လာလာစင်လို့
ရွာပြီ ရွာပြီလေ စိတ်တွေပေါ် ခုန် ..ခုန် ..ခုန်ဆင်းလာတဲ့
မိုးရေစက်တွေ။ ။

အယ်ဒီလင်း
၂၅ မေ ၂၀၂၄ 🔳



🎣
မိသားစု


အတူမဆုံဖူးတဲ့
ထမင်းဝိုင်းလေးကို သက်သေထားပါ့မယ် ။

မခေါ်ဖူး
မမြင်ဖူးလို့
"အဖေ"လို့ခေါ် ငိုမိတယ် ။

အိပ်မက်ကလည်း ငိုရတယ် ။

အဖေ့ပန်းကန်ထဲက အသားတုံးလေး
အမေ့ပန်းကန်ထဲက ဆီပြန်ဟင်းလေး
ကျနော် ငတ်ရပါတယ် ။ ။

အယ်လင်း
၂၁ နိုဝင်ဘာ ၂၀၂၂ 🔳



🎣
တွယ်ရာမဲ့


" ပျော်ရဲ့လား " လို့
သစ်ရွက်ကလေးကို မေးလိုက်တာ
ချက်ချင်း ညှိုးရော်ကျသွားတယ် ။

လင်းပွင့်နေတဲဲ့
ကောင်းကင်ကြီးကို မော့ကြည့်ပြီး
" အဆင်ပြေပါရဲ့လား " လို့ မေးလိုက်တာ
ချက်ချင်းပဲ မိုးသားတွေ ညှို့တက်လာပြီး
အုံ့ဆိုင်းသွားတယ် ။

ဒါနဲ့ပဲ
ဆောင်ဓားကို လွယ်ပြီး
ကိုယ့်အသားကို ခုတ်ဖို့
တောလည်ထွက်ခဲ့တယ် ။ ။

ကိုလတ်(ကလေး)
၁၆ သြဂုတ် ၂၀၂၂ 🔳



🎣
အိမ်မပြန်ခင်


လက်ကုန်ပွင့်
လက်ကုန်ပွင့်
ဆိုတော့လည်း
တတောလုံး ဝါထိန်အောင်
တညီတညွတ်နဲ့ ပွင့်ခဲ့ကြဖူးပါတယ် ။

မိုးကို ခေါ်
မိုးကို ခေါ်
ဆိုတော့လည်း
အသည်းကွဲအောင်
ကန်ထဲက ဖားတွေလို အော်ခဲ့ဖူးတာပေါ့ ။

တံတားထိပ်က
သမင်လည်ပြန်
ငါတို့ မှန်ခဲ့တယ်
အမှောင်ထဲ လျှောက်တဲ့လမ်းက
အလင်းမှာ ကန်သင်းတွေချည်းပါလား ။

မာနကို မြေထဲ ထိုးစိုက်လို့
ကိုယ့်ကောက်ပင် ကိုယ်
ပြန်ပျိုးရမယ့်အချိန်တဲ့လား ။

အိမ်မပြန်ခင်
မိုးကို မစောင့်
အတွန့်အခေါက်နည်းခဲ့တဲ့
ကိုယ့် ဦးနှောက်ကို
ကိုယ် တေ့ဖြုတ်ခဲ့ပါတယ် ။ ။

မီရှယ်လတ်
၆ မေ ၂၀၂၂ 🔳



🎣
ပန်းနီနီမှတ်တမ်း


လေပြင်း မွှေ မွှေ
နေပြောက် ထိုး ထိုး
အငြိုး မိုး စွေ ။

ခြွေစမ်း ရက်ကြာ
နွေလမ်းထက်မှာ သင်း ရီ ဝေ ။ ။

မြတ်မိုးလတ်
၅ ဖေဖော်ဝါရီ ၂၀၂၂ 🔳



🎣
နေ ရ ဥ္ဇ ရာ


သူက
ဟိုဖက်ကမ်းမှာ
ကောင်းကင်ကြီးကိုမော့ကြည့်လို့
ကောင်းကင်ပြိုမှာစိုး
ညှိုးလျတဲ့မျက်နှာနဲ့ ။

ကိုယ်က
ဒီဖက်ကမ်းမှာ
မြေပြင်ကိုစိုက်ကြည့်
ပင်လယ်နဲ့မှားနေသလားလို့ ။

အပြုံးတွေဆုံးရှံးရပြန်ပြီကွယ်
တံတားလေးထိုးကြမယ်ဆိုပြီး
ရေစီးအားသန်လိုက်တာ ။ ။

ကိုစိမ်းလန်း
၂၂ နိုဝင်ဘာ ၂၀၂၃ 🔳



🎣
သံယောဇဥ်


ရင်ဘတ်မှာထိုးစိုက်လိုက်တော့
စံပယ်တွေ တဖွားဖွားပွင့်တယ်
ဘယ်ပြေးမလဲ
တိမ်တစ်အုပ်ကို မျက်ဝန်းထဲကမောင်းထုတ်ပြီးပြီ
သောင်ပေါ်မှာတင်နေတဲ့ လွမ်းစိတ်
ဖွဲနဲ့ ဆန်ကွဲလဲမခွဲတတ်တော့ဘူး
လေယူလေသိမ်းကစ
ခြေရာလက်ရာအဆုံး
အောက်ချင်းငှက်နှုတ်သီးများလို ချွန်မြထင်ကျန်
မိုးမိဖူးတဲ့ ခေါက်ထီးလေး
ခုထိ ဖျားလို့မဆုံးဘူး
ဘယ်ကိုသွားရမလဲ
လမ်းမီးတိုင်နဲ့လမ်းက
တစ်ယောက်လက်တစ်ယောက်ဆွဲထားသလို
ပျံတော့ ပျံနေတာပဲ
ပြန်ပြီးရောက်ရောက်နေတာ ခက်တယ်။ ။

မင်းဝေလွင်
၃၀ ဇန်နဝါရီ ၂၀၂၄ 🔳



🎣
ရှုမျှော်ခင်းပုံ ပန်းချီကား


ဒုက္ခအစိမ်း
အချစ်ခရမ်းရောင်
အဝါရောင်ဝမ်းနည်းကြေကွဲမှုအပေါင်း
နာကျင်တဲ့အနီနှင့်နှစ်ကာလများ။

စိတ်ကူးယဉ်အိပ်မက်လှေကလေး
ညနက်နက်ထဲ ဝင်ရောက်ပျောက်ကွယ်သွား
ရေးသူ အမည်မသိ ။ ။

လူမျိုးလွင်
၂ အောက်တိုဘာ ၂၀၂၁ 🔳



🎣
တိမ်းရှောင်သူ


အနာတရတွေ လိမ်းကျံရင်း
ဘာ မှ ..
ဘယ်လိုမှ လှပမလာတော့
ချစ်ခြင်းကို စုံ မ ဖွက်တယ်
ကလေးတွေကိုသာ အရင်ခေါ်သွားပါ
ငိုသံက ရင်ဘတ်အထိ နစ်နေပြီ ။

ဒုက္ခသံချေး အထပ်ထပ်နဲ့
ခါချဥ်အသိုက်ရွှေ့တာလောက် မလွယ်ဘူး
အမေက ညီမလေးကိုလက်ဆွဲ
ညီမလေးက သူ့ကော်ပတ်ရုပ်လေးဆွဲ
လူမသေရင် ပြီးရော အေ
မျက်ရည်က လက်တစ်ဖက်ထုတ် သုတ်ရသေး ။

အိမ်ဆိုတာ လူတွေမရှိတဲ့အရာပေါ့
အိမ်ဆိုတာ လူတွေကြောက်လန့်သံကြား
အေးစက်သွားတဲ့ အရာ ။

တိတ်ဆိတ်နေမှုထက်ကျယ်လောင်တဲ့အရာ ဘာမှမရှိ
သွေးနံ့ရနေတဲ့ဝံပုလွေတွေ
ရောက်မလာခင်အထိ ။ ။

သင်းရည်လွင်
၂၆ မတ် ၂၀၂၂ 🔳



🎣
လမ်းဟောင်းလေးပေါ် လမ်းလျှောက်ခြင်း


နေရောင်မှာ ထုတ် ထုတ် လှမ်းပြီး
ကိုယ့်အချစ် ကိုယ် ပြန် ပြန် သရမှာပဲ ။

မြစ်တမြစ်ကို နှစ်ခါမကူးနိုင်သလို
မိတ္တူပွားသမျှ ဆေးသားမပီတော့
ငယ်ရွယ်သူကောင်းကင်ဟာ မှိုစွဲနေတဲ့ကင်းဗတ်စ ။

နှစ်ကြောင်းဆွဲပါ
ထပ် ထပ် ဆွဲပါ
ထူထူသားမှ ထင်းထင်းပေါ်တဲ့ စည်း ။

ချစ်သူရေ
ငါတို့ မုန်တိုင်းထဲကိုဖြတ်ကြစဥ်
လျှပ်စီးတလက်မှာ
လမ်းကို အမိအရကျက်ခဲ့ကြတာ မလွတ်ကြေး ။ ။

ခင်လွန်း
၂၇ မတ် ၂၀၂၂ 🔳



🎣
မိုင်း


အဖေက ခြေနှစ်ဖက်မရှိဘူး
သားက မျက်လုံးနှစ်လုံးမမြင်ဘူး
စက်ဘီးတာယာအဟောင်းလေးနဲ့
ဒီ လက်တွန်းလှည်းလေးဟာ လေ
တနေ့တနေ့
တောင်ကို တက်ရ၊ တောကို တိုးရ
လျှိုကို ဆင်းရ၊ ချောင်းကို ဖြတ်ရ
အဖေနဲ့သား ဘဝရထား
သားက အခရာလား
အဖေက အခရာလား
ခရီးက ရှည်လွန်းလှ
အို မနုဿဿ ဒုလ်လဘ ဆိုပါလား ။ ။

ခင်လွန်း
၂၆ ဖေဖော်ဝါရီ ၂၀၂၄ 🔳



🎣
ကျွန်တော် ပြန်လာတော့


ကျွန်တော်ပြန်လာတော့
မြို့လေးဟာ မီးခွက်မှုတ်သွားတယ်
ပင်လယ်တွေမှာ သွားအတုတွေတပ်ထားပြီးပြီ
မစားပဲပစ်ထားတာကြာတဲ့ ခေါက်ဆွဲခြောက်တွေက
ပွယောင်းနေပြီ
မဖြီးပဲပင့်တင်ထားတဲ့ ဆံနွယ်ခွေတွေက
ပြိုလဲနေပြီ ။

ကျွန်တော်ပြန်လာတော့
စိန်ပန်းတွေမှာ အသက်မရှိတော့ဘူး
ဘုရားစင်ပေါ်က ပုတီးကုံးလေးဟာ
တစ်လုံးစင် ပြုတ်ကျနေပြီ ။

ကျွန်တော်ပြန်လာတော့
ရည်းစားဟောင်းကလည်း ရည်းစားအသစ်ရသွားပြီ
စာပို့ငှက်ကလေးလည်း အိုမင်းသွားပြီ ။

ကျွန်တော် ပြန်လာတော့
ဖုန်မှုန့်တွေထဲ ဝပ်နေတဲ့
ကမ္ဘာကြီးလို့ခေါ်တဲ့ ငှက်ပေါက်စလေးပဲ
တွေ့တော့တယ် ။ ။

သျှစ်လှိုင်း
၁၇ ဇန်နဝါရီ ၂၀၂၂ 🔳



🎣
ဩဇာ


ငိုမရတဲ့
မျက်ရည်ကြောင့်
ခံစားမှုဟာ ရောင်ကိုင်းလာ
မကြာခင် အမှည့်လွန်
ကြွေတော့မယ်။

နောက်ထပ်
ပန်းတွေ ဝေကြဦးမယ်။

နောက်ဆုံး သစ်သီးကိုတော့
ချို‌အေးစေချင်တယ်။ ။

မွန်လွှာ
၂၉ ဒီဇင်ဘာ ၂၀၂၃ 🔳



🧱🧱🧱🧱🧱🧱🧱🧱🧱🧱🧱🧱🧱🧱🧱🧱🧱

Address

Kalemyo

Website

Alerts

Be the first to know and let us send you an email when Myint Naing Eain posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category