28/05/2025
. ငွေ့ငွေ့လေးမျှ မေ့၍မရသော
သက္ကရာဇ်များ
-------------------
၂၀၂၁ - ၂၀၂၄
အွန်လိုင်းစာမျက်နှာထက်က အမှတ်တရ ကဗျာများ
အပိုင်း ၊ ၁၁ ၊
---------------------
#မိုဃ်းဇက်သော်
#သင်းယသော်
#မသောက်
#ကိုစိန်သစ်
#ခလင်းသစ်
#ချောဘသစ်
#ထက်သစ်
#ဒီဒေးသစ်
#နှောင်းသစ်
#ဗပိုးသစ်(တော်ခရမ်း)
#မောင်နေသစ်(ရေဦး)
#မိုးအိမ်သစ်
#ရတုသစ်
#သွန်းဟန်သစ်
#နီသွေး
#နိုင်မွန်အောင်သွင်
#နိုင်မွန်အောင်သွင်
#ကြာညိုသွယ်
#ဇာဇာသီရိဟန်
#လင်းနက်ဟန်
[ photo ∆ mne ]
🧱🧱🧱🧱🧱🧱🧱🧱🧱🧱🧱🧱🧱🧱🧱🧱
🎣
ခက်
ရေဆိုးမြောင်းထဲမှာ
ဦးနှောက်တွေ အထွေးလိုက် မျောနေတယ် ။
အသက်ငင်နေတဲ့ ခွေးဝဲစားတစ်ကောင်
လောက်တဖွားဖွားတက်လို့ ။
အထူးကုဆရာဝန်ဟာ
ကင်ဆာနောက်ဆုံးအဆင့် ။
ရထားက ပက်လက်လန်နေတယ်
ဖနောင့်သံဆူးနေတယ်
ဝဋ်ကြောင်းတရားက ဘယ်အခါမဆို ချိုမြိန်နေဆဲ
ဘယ်ဘုရားမှ မကယ်နိုင်တော့ပါဘူး။ ။
မိုဃ်းဇက်သော်
၂၂ နိုဝင်ဘာ ၂၀၂၃ 🔳
🎣
ခရီး
ခြေထောက်က
ခရီးလျှောက်ဖို့ ။
ခရီးက ပျောက်နေတော့
ခြေထောက်ပါ သယ်နေရတယ် ။ ။
သင်းယသော်
၁၆ အောက်တိုဘာ ၂၀၂၃ 🔳
🎣
ကိုယ့်ကဗျာထဲမှာ နှင်းဆီတွေကို မြုပ်နှံထားတယ်
ကိုယ့်ကဗျာထဲမှာ နှင်းဆီတွေကို မြုပ်နှံထားတယ်
အဲဒါကြောင့် ဖတ်တဲ့သူက နှင်းဆီနံ့ ရသွားကြတယ်
ကိုယ်အိပ်စက်နေတဲ့ အခါမှာလည်း ရှေးစာဆိုတွေက
ကိုယ့်ကဗျာကို တယောက် တကြောင်းဆီ
ဝိုင်းရေးသွားကြပါတယ်
အဲဒါကြောင့် မင်းဖတ်နေတာတွေထဲမှာ
သူတို့ စာကြောင်းတွေ ပါနေတာပေါ့ ။
မုန်တိုင်းရဲ့ မျက်စိကို ကိုယ့်ဆီမှာ တပ်ထားတယ်
ဒါကြောင့် ကိုယ်ပထမဆုံး မျက်စိကျခဲ့တာက
ကမ်းခြေပေါ့
ကိုယ့်အရပ်က မြင့်လွန်းတော့ တိမ်တွေနဲ့ မလွတ်ဘူး
ပြည်နယ်တစ်ခုလုံးမှာ ကိုယ်တို့တစ်မြို့တည်း
တိမ်ထူထပ်နေတယ်
ပြီးတော့
ငြိမ်သက်နေတဲ့ ရေပြင်ပေါ် ခုန်တက်လာတဲ့
ငါးတွေရဲ့ ခေါင်းထဲက ဂီတဟာ
မြန်မြန်ပဲ အသံတိတ်သွားခဲ့တယ် ။
ကိုယ်တို့ရဲ့ သွားတွေဟာ တချိန်က မာကြောဖူးပြီး
ကိုယ်တို့ဆီ ရောက်လာတဲ့ လိမ္မော်သီးတွေ
မချိုမြိန်တော့ပါ
ကိုယ်တို့နဲ့ တိုင်းပြီးချုပ်ထားတဲ့ အဝတ်တွေ
တချို့ပုံကျပြီး တချို့ ချုပ်သားတွေ ထွက်နေတယ်
နယ်မြို့မှာ ကိုယ့်ခြေထောက်တွေ ကျန်ခဲ့တယ်
စီးထားတဲ့ ဘွတ်ဖိနပ်မှာ မြေနီနီတွေ ကပ်ပါလာပြီး
သမံတလင်းပေါ်နင်းခဲ့တဲ့ ခြေရာတွေ
ထင်ကျန်ခဲ့တယ် ။
ဝေးဝေးက မြင်ရတဲ့စေတီမှာ တံခွန်တွေလွင့်နေ
နောက်ဘဝထိ လွင့်နေကြ
တောင်ပေါ်တက်တဲ့ လှေကားဟာ
စုံနဲ့ဆုံးလား မနဲ့ဆုံးလား မရေဖြစ်ကြတော့ပါ ။
ကိုယ်တို့ဆီ ရောက်ခါနီးမှ ငြိမ်းသွားတဲ့ တောမီးတွေ
ကိုယ်တို့ ခနပဲ ကြည့်လိုက်ရတဲ့ ဒုဌဝတီမြစ်ရေ
ကိုယ်တို့ကို လက်ဆောင်ပေးတဲ့ ပုလင်းတွေကို
ဖွင့်လိုက်တယ်
ငယ်ဘဝဟာ ဆားရည်စိမ်ပြီးသား ဖြစ်နေတယ် ။ ။
မသောက်
၂၉ စက်တင်ဘာ ၂၀၂၄ 🔳
🎣
နှင်းမီး
အိပ်မက်ဟာ မီးလောင်နေပေါ့
ပြောတာပဲ ကောက်ရိုးမီးလို့
ငြိမ်းဖို့ရာ မျက်ရည်က မကျန်တော့ ။ ။
ကိုစိန်သစ်
၁၈ နိုဝင်ဘာ ၂၀၂၁ 🔳
🎣
ကြေကွဲ လူငယ်
ပြောကြတယ်
မြစ်က ငါးကို မျှားတယ်
ငါးကို ငါးစာက မျှားတယ်
ငါးစာကို ငါးမျှားချိတ်က မျှားတယ်
အဲဒီနောက်မှာ
ငါးမျှားချိတ်ကို ဘယ်သူတွေက မျှားခဲ့သလဲ ။
အလှဲအလှယ်ခံနေရ
မျောချခံနေရ
အတိုက်အစားခံနေရတုန်း ။
ခေတ်တစ်ခေတ်ရဲ့ ပြယုဂ်မှာ
လဲကျလိုက် ပြန်ထလိုက်
ပြိုလဲလိုက် ထူမတ်လိုက်နဲ့
ခုံ ခုထိုင်နေတဲ့
ပြတိုက်အသေတွေထဲ
ဝတ်ဆံတွေကသာ တဖြုတ်ဖြုတ် ကြွေ ။ ။
ခလင်းသစ်
၃ ဇန်နဝါရီ ၂၀၂၄ 🔳
🎣
တတိယကမ္ဘာစစ်လက်ကျန်
လက်ဖြောင့်တပ်သားတွေမှာ လက်မပါတော့ဘူး
မင်းလည်း " ဘရူးတပ်စ် "
ငါလည်း " ဘရူးတပ်စ် "
မင်းလည်း သုဘရာဇာ
ငါလည်း သုဘရာဇာ
ကျီးကန်းတောင်းမှောက် မျက်ကလူးဆန်ပြာ
ကျင်းကိုယ်စီ တူးလို့ ..
နှစ်ယောက်အိပ်ကုတင်တွေမျိုးတုံးသွားပြီ ဆိုလား
"ချစ်ခြင်းမေတ္တာ"က ဆက်သွယ်မှုဧရိယာပြင်ပ ဆိုလား
"ထရိုဂျန်မြင်းရုပ်ကြီး"ကိုယ်စီနဲ့ လမ်းသလားနေကြ
ခု မင်းခလုတ်တိုက်မိတဲ့ ကျောက်ခဲဟာ
အရင်တခါက မင့်မျက်ရည်ပုံဆောင်ခဲတွေပေါ့။ ။
ချောဘသစ်
၂၁ မေ ၂၀၂၄ 🔳
🎣
စိတ်အတောင်ခတ်သံ
တနေ့သား ဒီအိပ်မက်ကို အရအမိ မက်မိတယ်
ငှက်ကလေးရဲ့ အတောင်ဖျားမှာ
အတွေးက ကပ်ငြိပါသွားပုံ
ငှက်ကလေး အတောင်ပံတဖျတ်ဖျတ်
ငါ့အတွေးလည်း တလှပ်လှပ်
ရေတံခွန်နားက ဖြတ်ပျံတော့
ရေမှုံရေမွှားလေးတွေ အတွေးမှာ
စိုစိစိနဲ့ တွယ်ကပ်လို့ ..
ငှက်ကလေး သစ်ကိုင်းမှာ နားလိုက်ဟန်
အိမ်တအိမ်ရဲ့ ပြတင်းပေါင်မှာ နားခိုဟန်
စိမ်းစိုလှပပြီးအရောင်စုံပန်းခင်းပေါ် ဖြတ်ပျံတော့
ငါလည်းငှက်ကလေးနှယ်ကြည်နူးမဆုံးဘူး
ငှက်ကလေး သဘာဝတရားကြီးမှာပျော်ရွှင်ပုံ
ဟောဒီ့ လောကီကြီးက ပိုပိုပြီးသာယာလာပုံ
ငါ့နှလုံးခုန်သံစည်းချက်မှာ တေးသီပုံ
အခုထိ
ငှက်ကလေးရဲ့အတောင်ဖျားမှာငါ့အတွေးတွယ်ငြိနေပုံ
အချိန်ကာလတခုမှာ အိပ်မက်ကပြီးဆုံသွားမှာ
ငှက်ကလေးနဲ့ငါခွဲခွာသွားရမှာ
တွေးကြည့်ရုံလေးနဲ့ ငါ့မှာလွမ်းရဆွေးရ
တသသဖြစ်ရ ဘာပဲဖြစ်ဖြစ် ...
လူမှုအထွေထွေကို မင်းနဲ့အတူသိခဲ့ရ
ကြုံတွေ့ရသမျှဟောဒီလောကီကြီးမှာ
မခွဲမခွာလိုပေမဲ့ မင့်အတောင်ပံတွေလေးလံလာရင်
ငါ့ကိုဖြုတ်ချ ခါချခဲ့ပါကွယ့်
ငါကငြင်းဆန်ခံရခြင်းမှာအသားကျခဲ့သူကြီးပါ
မင့်မျက်ဝန်းအစွန်အဖျားကနေ
ကမ္ဘာကြီးကို တွက်ချက်ကြည့်ဖို့ရာ
ငါ့စိတ်ကလေးလည်း မအားရှာခဲ့ပါဘူးကွယ်
ဒီ ဒုလ္လဘမှာ ငှက်ကလေးနဲ့အတူ
ငါ့စိတ်ဝိဥာဉ်စီးမျောခဲ့ရတာ ရခဲပေလှစွာပါပဲ
ရောင်စုံပန်းတွေရဲ့အပေါ်မင်းဝဲပျံခဲ့သလို
လူမှုဒုက္ခတောပေါ်လည်းမင်းဝဲပျံခဲ့တာပါပဲ
လူမဆန်ယုတ်ကန်းသူများနဲ့ သူတော်ကောင်းတွေရဲ့
အပေါ်လည်း မင်းဝဲပျံခဲ့တာပဲမဟုတ်လား
ငါသေသေချာချာရလိုက်ပါရဲ့
ဟောဒီ့လောကဓံကြီးရဲ့သံဝေဂတရားတွေကိုပေါ့
ငှက်ကလေးရေ မင်းဆက်လက် ပျံသန်းပါ
လွတ်လပ်သောတေးကိုဆက်ပြီးသီကြွေးပါ
မလွတ်လပ်သေးသောငါတို့ဘဝတွေရဲ့အပေါ်
ဆက်ဆက်ဝဲပျံပါ ။
ထက်သစ်
၁၆ ဇူလိုင် ၂၀၂၂ 🔳
🎣
လမ်းရွေးသူ
ဘယ် သွားတာလဲ
ဘယ်ကို သွားနေတာလဲ
လမ်းရွေးဖြောင့်သူ မြစ်ကတော့
ပင်လယ်မှုပြုလိုက်တယ်
ဘယ်သွားတာလဲ
ဘယ်ကိုသွားနေတာလဲ။ ။
ဒီဒေးသစ်
၁၈ ဩဂုတ် ၂၀၂၁ 🔳
🎣
အိပ်မက်
မယုံကြည်နိုင်လောက်တဲ့ ကောက်ကျစ်မှုတွေ
အိပ်မက်တွေ မှုံပြာနေတယ် ။
မနက်ဖြန်မရှိတော့ဘူးလား
ကျွန်တော်အသက်ရှူဖို့မေ့နေတာ ဘယ်နှစ်မိနစ်လဲ
အတ္တကြီးသောရေသဖန်းသီးတစ်လုံးကို
ခြေဖြင့်နင်းလိုက်တယ် ။
ကမ္ဘာမြေရဲ့ ယိုင်နေတဲ့မျဥ်းကြောင်းတွေ
ဘယ်တော့များမတ်မျဥ်းဖြစ်မလဲ
ဆက်လျှောက်ရမယ့်လမ်းကို
ကော်ဖြင့်ဆက်ဖို့ အသင့်ဖြစ်ပြီလား ။
အခုတော့ဖြင့် ဒုက္ခမိုးပေါက်တွေ စိုစိုရွှဲစေပြီ
မုန်တိုင်းတွေပြင်းထန်နေတုန်း
ရင်ထဲအမုန်းများ လှိုင်းတွေကြီးခဲ့တယ်
ကျွန်တော့်ရဲ့အတောင်ပံကျိုးသွားသော အိပ်မက်တွေ
ကျွန်တော့်ရဲ့
ဆက်လက်မပျံသန်းနိုင်သော အိပ်မက်တွေ
အိပ်မက်တွေ မက်ခဲ့တယ် ။ ။
နှောင်းသစ်
၄ ဒီဇင်ဘာ ၂၀၂၁ 🔳
🎣
အဟောသိကံ
ကျွဲတစ်ကောင် အိုင်ထဲ
စောင်းသမားက စောင်းတီးဆဲ
ကွင်းပြင် မှောင်မည်းမည်း ။ ။
ဗပိုးသစ်(တော်ခရမ်း)
၇ ဇန်နဝါရီ ၂၀၂၄ 🔳
🎣
တကယ့် ကြယ်
အလင်းပေးခဲ့တယ်
စွမ်းအင်ပေးခဲ့တယ်
နွေးထွေးမှု မေတ္တာပွင့်တွေထွန်းသစ်
ရင်ထဲကကြယ်အစစ်ဆိုတာ
မသေမျိုးဖြစ်ရဲ့ ။ ။
မောင်နေသစ်(ရေဦး)
၇ အောက်တိုဘာ ၂၀၂၄ 🔳
🎣
နွေသို့ ဦးညွတ်ခြင်း
လောင်နေတဲ့ တောမီးမှာ
တဖောင်းဖောင်း ထ ပေါက်တဲ့နှလုံးသား ။
အိမ်ဖွဲ့ လ ထဲ
အိမ်လွမ်းနာကိုတေးသီနေတဲ့ နွေတယော ။
အဝါရောင်နေကြာပန်းတွေက
ကျဆုံးရဲဘော်နာမည်တွေနဲ့ ပွင့်နေတယ် ။
တစ်ဆစ်ချိုးသွားတဲ့တောင်တန်းတွေအောက်
စစ်ကြောင်းကျသွားတဲ့တောင်ယာတဲကလေး ။
ကျွန်းရွက်တွေ ကျွမ်းလာပြီးနောက်
ကြယ်တွေ ကျိုးကြေလာတယ် ။ ။
မိုးအိမ်သစ်
၃ မတ် ၂၀၂၂ 🔳
🎣
ဆောင်းတစ်ပြေးစာ
အလွမ်းက ပစ်မိန့်ပေးလိုက်ပြီ
သတိရစိတ်မှာ ကျည်ကုန်နေသတဲ့
အချစ်ချင်း မမျှတဲ့ တိုက်ပွဲမှာ
ဘဝက ပြေးလမ်းပိတ်သွားတယ် ။
ညီလေးက ရယ်ရတယ်
အလွမ်းတကားကားနဲ့ ချစ်သူကို တမ်းတလို့
ဘယ်တော့ အိမ်ပြန်ရမလဲ တဲ့
မသေမချင်း အိမ်ပြန်လို့ ရတာမို့
မသေအောင် ဂရုစိုက်ဖို့ပဲ မှာရတယ် ။
မလွယ်ကူမှန်း သိလျက်နဲ့
ပိုခက်တဲ့ဘဝတွေက အသက်ပေးပြီး
ရှေ့တန်းမှာ နေရာယူပေးထားရတယ်
နောက်တန်းကလည်း
နောက်ကျောနဲ့လိပ်ပြာ လုံအောင် နေပေးကြဖို့ပါပဲ ။
ဆောင်းမကျွတ်ခင်မှာ
လွတ်လွတ်လပ်လပ် ပြန်ပျော်စေချင်ပါတယ်။ ။
ရတုသစ်
၂၀ ဒီဇင်ဘာ ၂၀၂၁ 🔳
🎣
အိမ်
တိမ်တွေကိုစက္ကူရုပ်ချိုးကြည့်တယ် အိမ်ပုံ
သရေကွင်းနဲ့အရုပ်လုပ်ကြည့်တယ် အိမ်ပုံ
သဲပေါ်မှာအရုပ်ခြစ်မိတယ် အိမ်ပုံ
ခေါက်စရာတံခါးရှာမရဘူး
ရေမှာ
အရုပ်ရေးမိခဲ့ ။ ။
သွန်းဟန်သစ်
၂၈ စက်တင်ဘာ ၂၀၂၂ 🔳
🎣
H o r r o r M o v i e
လမ်းကို နေလှန်းပြီး
အရိပ်က ဘေးမှာလာအိပ်နေတဲ့ နွေနေ့တွေ ..။
မြစ်ကို လေလိုသဘောထားပြီး
ကြယ်ပင်လေးရဲ့ အမြစ်ကို မချစ်နိုင်တဲ့ နွေညတွေ..။
ငါတို့ကို ပြန်ငေးနေတဲ့ တံခါးဝ,မှာ
ကျည်ပေါက်က ပန်းပွင့်ပုံ ဖောက်ထားသလို ..။
ငါတို့ကို ပြန်သွယ်ထားတဲ့ မီးကြိုးမှာ
ဒဏ်ရာက မော်ဖိန်းကို စွဲလာသလို ..။
အတွေးက လူလောက်အပြေးမသန်တဲ့အခါ
နွေဆိုတာ ကိုယ်ပေါ်မှာ ကခုန်နေတဲ့ တံလျှပ်လိုပါပဲ..။
မွဲဆေးလို့သာ ခေါ်တာ
ဘာရောဂါမှ မပျောက်ပါဘူး ..။ ။
နီသွေး
၃၀ မတ် ၂၀၂၂ 🔳
🎣
ဗုံသံတွေမမှည့်သေးဘူးလား
ငါငိုတယ်
ဒါကြောင့် ငါရှိတယ်။
မင်းဆီကို ငါမရောက်ဖူးဘူး။
ဒါပေမယ့်
ချစ်လို့ရတယ်
နာကျင်လို့ရတယ်။
လူသိရှင်ကြားလောင်ကျွမ်းပြီး
လူမသိသူမသိ မီးခိုးတိတ်ခဲ့ရသူ မြို့ကလေးရေ
စိုက်သည့်အတိုင်းရိတ်သိမ်းဖို့က
ဗုံသံတွေ မမှည့်သေးဘူးလား။ ။
နိုင်မွန်အောင်သွင်
၆ နိုဝင်ဘာ ၂၀၂၁ 🔳
🎣
အိုးစည်သံတွေကြားနေလျက်
ပျော်ဖို့ကခက်ပါတယ်
ည ည ည
မနက် မနက် မနက်
စိတ်က မီးခိုးတွေအူနေလျက်
ပျော်ဖို့ကခက်ပါတယ်။
ထင်းရှူးတောထဲသွားတယ်။
ရေအေးကန်ဖက်လမ်းလျှောက်တယ်။
တကယ်ကောအေးမြနေပါသလား။
မေးခွန်းများကတလက်လက်နဲ့
ပျော်ဖို့ကခက်ပါတယ်။
ကျောခိုင်းထွက်ခွါသွားခဲ့ကြတာ
ဘာမှမကြာလိုက်ဘူး။
တကယ်တော့
ကြာပါတယ်။
တစ်မနက်ဆိုလည်း
တစ်သက်လိုပဲ ကြာပါတယ်။
အတွေးတွေမှာစိတ်ချင်းဆက်နေလည်း
ပျော်ဖို့ကခက်ပါတယ်။
အလိုက်သင့်အလျားသင့်
ချယ်ရီတွေပွင့်သွားကြ၊
ပိတောက်တွေပွင့်သွားကြ၊
စိန်ပန်းတွေ နီလွင်ကြ၊
စိန်ပန်းတွေ ခရမ်းပြာကြ၊
နှင်းဆီတွေလည်း ဝေနေပါလျက်
ပျော်ဖို့ကခက်ပါတယ်။
ငါတို့ရိုးရာ
ငါတို့ရိုးရာ
ငါတို့ရိုးရာ
ပွဲတော်တွေရှိတယ်
နေ့ပွဲညပွဲတွေရှိတယ်
ချောင်းရေလိုကြည်လင်ကြ၊
တောင်တန်းတွေလိုခိုင်မာကြ၊
ထင်းရှူးတောနဲ့တောင်ယာခင်းများလို
စိမ်းစိုလတ်ဆတ်ကြ၊
တနယ်တကျေး
ကိုယ့်သွေးကိုယ့်သားတွေကို
အပြေးအလွှားသတိရ ရ။
အလွမ်းက မီးဖိုထားလည်းနွေးမလာဘူး။
အိပ်မက်ဆန်ဆန်
အိုးစည်သံတွေကြားနေလျက်
နာကျင်မှုကခုန် ခုန်ထွက်လာတော့
ပျော်ဖို့ကခက်ပါတယ်။ ။
နိုင်မွန်အောင်သွင်
၃ ဒီဇင်ဘာ ၂၀၂၃ 🔳
🎣
ထိုအပြုံး
မနက်ခင်း
မျက်နှာသစ်ပြီးစ ကောင်းကင်ကို
ပြုံးပြလိုက်တယ် ။
နေ့လည်ခင်း
ပူလောင်နေဟန်ရှိတဲ့ ကောင်းကင်ကို
ပြုံးပြလိုက်တယ် ။
ညနေခင်း
သွေးသံရဲရဲ ကောင်းကင်ကို
ပြုံးပြလိုက်တယ် ။
ညခင်း
အမှောင်အတိကျနေတဲ့ ကောင်းကင်ကို
ပြုံးပြလိုက်တယ် ။
အဲဒီည အိပ်မက်ထဲမှာ ကောင်းကင်နဲ့တွေ့တယ်
သူကို ကြည့်လိုက်တော့ ဗလာမျက်နှာနဲ့
ပြုံးဖို့မေ့နေတဲ့ ကျွန်တော့်ကို သူက ပြုံးပြတယ်
ဒါပေမယ့် အရောင်မဲ့ ..။ ။
ကြာညိုသွယ်
၂၁ ဇန်နဝါရီ ၂၀၂၂ 🔳
🎣
အသစ်မျက်နှာ
ကားအသစ်ရဲ့ခေါ်သံက ဖိနပ်အသစ်လို မလှဘူး
အိမ်အသစ်ရဲ့စာလုံးပေါင်းက
အကျီအသစ်လို ဖတ်မကောင်းဘူး
ညအသစ်ရဲ့ငိုက်မြည်းပုံက
နေ့အသစ်လောက် မနာကျင်ရဘူး
ကဗျာအသစ်မှာ ဆင်ဝင်ပေါက်မရှိဘူး
အက္ခရာအသစ်က ရေသန့်သောက်ချင်တယ်
ဂြိုလ်သူမအသစ်ရဲ့အရိုးငြမ်းကို ဇကာမတပ်ထားဘူး
မိတ်ကပ်အသစ်ထဲ စတီးရွိုက်အသစ်ထည့်ဖို့မသင်မိဘူး
မျက်ရည်အသစ်ဆိုတာ ပြက္ခဒိန် အသစ်ရဲ့ရက်စွဲပဲ
လူဆီဖာအသစ်လောက် လှတာ
နတ်စိမ်းအသစ် မသိတာ ခက်တယ်
ဘုရားအသစ်ပွင့်တိုင်းတော့
ဗိုက် အသစ်တွေ ကိုယ်ဝန်ဆောင်ကြတယ်
ငါ အသစ်ကို ငါတရားအသစ်ဟောရဦးမယ်
အသစ်သေပြီးရင်တောင် ဘဝအသစ်မရှိစေရ ။ ။
ဇာဇာသီရိဟန်
၂ သြဂုတ် ၂၀၂၃ 🔳
🎣
ဗုံးစ
ကမ္ဘာဖျက်မိုးကြီးရွာတည်းက
အိပ်ရာထနောက်ကျတတ်တဲ့ကောင်ပါ ။
ခြေတစ်ဖက်မသန်လို့
မီးကင်းစောင့်နေရတယ် ။
စာပို့သမားတစ်ယောက်လောက်တော့
ဆေးသားခိုင်ဖို့ ကောင်းပါတယ် ။
ခြေလှမ်းပြင်နေတုန်းရှိသေး
ထီလက်မှတ်က ပျောက်သွားပြီ ။
လူသတ်ကုန်းကို ရောက်ပြီတဲ့လား
ရေသာ များတယ်
ငါးတစ်ကောင်မှ မတွေ့ခဲ့ဘူး ။
နေပွင့်လာရင်တော့
ရုပ်ရှင်ပိတ်ကားပေါ်မှာ
နာရီလက်တံလို လှည့်နေလိုက်ဦးမယ် ။
ခုလောလောဆယ်တော့
ရှေးဟောင်းပြတိုက်ထဲမှာ
တိုးသက်ညင်သာ
ငါ ဘက်ထရီအားကုန်နေပြီ ။ ။
လင်းနက်ဟန်
၂ ဒီဇင်ဘာ ၂၀၂၂ 🔳
🧱🧱🧱🧱🧱🧱🧱🧱🧱🧱🧱🧱🧱🧱🧱🧱🧱