18/04/2026
ချစ်ဦးညိုနဲ့တော့
လမ်းလျှောက်အတူ
မထွက်ချင်ပါဘူးဗျာ။
လောကဓံဆိုတာကြီးက
သူ့ဘေးမှာ
လက်ချင်းချိတ်လျက်
အမြဲပါနေတာကိုး။
မောင်ခိုင်မာရဲ့
သိင်္ဂါရငှက်တွေလိုပေါ့။
မရှောင်ရင်လွတ်တယ်ဆိုတဲ့
မြိုင်ရာဇာတွတ်ပီရဲ့
သီအိုရီကို ယုံစားမိတာကြောင့်
အလွမ်းမြားတွေ
ရင်နဲ့အပြည့် စူးစိုက်လို့ပေါ့။
ဖူးစာဆိုတာကတော့
နီကိုရဲနဲ့
ဆွေမျိုးတော်တယ်ထင်ပါ့။
ထင်တိုင်းလွဲ
မှန်းတိုင်းလွဲ
ချစ်တိုင်းလွဲ
လွဲချက်ကဖြင့် လွန်ပါရော။
ကံကြမ္မာကို မယုံကြည်ကြသူများရဲ့
ဗေဒင်ဟောစာတမ်းထဲမှာတော့
မေတ္တာရေးမှာ ကံခေပြီး
အသည်းသက်စေ့ ကွဲဦးမှာတဲ့လေ။
တကယ်တော့
အချစ်ဟာ
တာရာမင်းဝေရဲ့
ကဗျာတစ်ပုဒ်လို
တစ်ခုခုခံစားလိုက်ရပေမယ့်
အဓိပ္ပာယ်ပြန်ပြောဖို့တော့
မလွယ်လှပါဘူး။
အချစ်ဆိုတာ ဘာလဲ
သစ္စာတရားဆိုတာ ဘာလဲ
ကျွန်တော်လည်းပဲ
အဲဒါကိုပဲ
သိချင်နေတာပါပဲ ခင်ဗျာ။
#မင်းလူ ( ကာရံမဲ့ စကားပြေ )