POEMS & WORDS MYANMAR 🇲🇲/Myeik , Author-Han Min🖋📃
Warmly welcome🌸 ဟန်မင်း 🌸
From September 25, 2019 to . . .
(1)

"သည်းခံခြင်းရဲ့ အဆုံးမှာ..."တချို့အချိန်တွေမှာနားလည်ပေးနေရတာထက်ကိုယ်တိုင် နားလည်ခံချင်လာတယ်။သည်းခံနေရတာထက်တစ်ခါလောက်တော့...
09/08/2026

"သည်းခံခြင်းရဲ့ အဆုံးမှာ..."

တချို့အချိန်တွေမှာ
နားလည်ပေးနေရတာထက်
ကိုယ်တိုင် နားလည်ခံချင်လာတယ်။
သည်းခံနေရတာထက်
တစ်ခါလောက်တော့ ကိုယ့်စိတ်ကို ဦးစားပေးချင်လာတယ်။

ကိုယ်ပဲ ခဏခဏ နားလည်ပေးနေရ၊
ကိုယ်ပဲ ခဏခဏ သည်းခံပေးနေရတဲ့ဘဝကနေ
လွတ်မြောက်ချင်တယ်။

ကိုယ်ပဲ အမြဲနားလည်ပေးရ၊
ကိုယ်ပဲ အမြဲခွင့်လွှတ်ပေးရ၊
ကိုယ်ပဲ အမြဲအဆင်ပြေပါတယ်လို့
ဟန်ဆောင်နေရတဲ့နေ့ရက်တွေဟာ
တကယ်ကို ပင်ပန်းလွန်းပါတယ်။

တစ်ခါတလေ
ကိုယ့်ကိုလည်း တစ်ယောက်ယောက်က
နားလည်ပေးစေချင်တယ်။
ကိုယ့်ဘက်ကလည်း
တစ်ခါလောက်တော့ အားကိုးချင်တယ်။

အမြဲတမ်းသည်းခံနေရတဲ့သူ မဖြစ်ချင်တော့ဘူး။
အမြဲတမ်းအဆင်ပြေအောင်လုပ်ပေးနေရတဲ့သူလည်း မဖြစ်ချင်တော့ဘူး။

ကိုယ့်စိတ်ကို ကိုယ်ပြန်နားထောင်ပြီး
ကိုယ့်အတွက် ကိုယ်ရွေးချယ်နိုင်တဲ့ဘဝကိုပဲ
ရချင်တော့တယ်။

တစ်နေ့နေ့မှာတော့
ကိုယ့်ကို နာကျင်စေတဲ့အရာမှန်သမျှကို ချန်ထားခဲ့ပြီး
စိတ်အေးချမ်းစွာ အသက်ရှူနိုင်တဲ့နေရာတစ်ခုဆီသို့
တိတ်တိတ်လေး ရုန်းထွက်သွားမှာပါ။ ။

#ဟန်မင်း(Nightmare&Deep)
(၉၊၈၊၂၀၂၆)
https://www.facebook.com/hanmin87

"တံဆိပ်ကပ်ခံရပေမဲ့ မပြောင်းလဲသေးတဲ့ နှလုံးသား"ဘဝမှာ ကိုယ်ဟာဘယ်သူ့ကိုမှ မနာကျင်စေချင်ပါဘူး။တတ်နိုင်သလောက် ကောင်းကောင်းနေဖ...
07/08/2026

"တံဆိပ်ကပ်ခံရပေမဲ့ မပြောင်းလဲသေးတဲ့ နှလုံးသား"

ဘဝမှာ ကိုယ်ဟာ
ဘယ်သူ့ကိုမှ မနာကျင်စေချင်ပါဘူး။
တတ်နိုင်သလောက် ကောင်းကောင်းနေဖို့၊
နားလည်ပေးဖို့၊ အမှားတွေကို ပြင်ဆင်ဖို့
ကြိုးစားနေခဲ့ပါတယ်။

ဒါပေမဲ့ တချို့လူတွေဟာ
ကိုယ့်ရဲ့ ကြိုးစားမှုတွေကို မမြင်ချင်ကြဘူး။
ကိုယ်ပြုခဲ့တဲ့ ကောင်းမှုတွေကို မမှတ်မိချင်ကြပါဘူး။
ကိုယ့်ဘဝထဲက အမှားသေးသေးလေးတစ်ခုကိုပဲ ရွေးပြီး "မကောင်းတဲ့လူ"ပါဆိုပြီး အလွယ်တကူ တံဆိပ်ကပ်ချင်ကြတယ်။

ဘဝမှာ ကိုယ်ဟာ ကောင်းအောင်နေချင်တဲ့စိတ်ရှိပါရက်နဲ့ တချို့လူတွေရဲ့ဆုံးဖြတ်ထားတဲ့ပုံရိပ်ထဲမှာပဲ
ပိတ်မိနေရတာမျိုးတွေ ရှိတတ်ပါတယ်။
ကိုယ်ဘယ်လောက်ပဲ ကောင်းအောင် နေချင်နေချင်
အဲဒီကောင်းမှုတွေကို မြင်ပေးဖို့ အခွင့်အရေးမပေးတဲ့ ပတ်ဝန်းကျင်ဆိုတာ တကယ်ရှိပါတယ်။

ကိုယ်ပေးခဲ့တဲ့နွေးထွေးမှုတွေကို မမှတ်မိဘဲ
ကိုယ်မှားခဲ့တဲ့အချိန်တခဏကိုပဲ မှတ်မိနေတဲ့သူတွေရှိတယ်။
ကိုယ်ကြိုးစားပြီး နားလည်ပေးခဲ့တာတွေကို မမြင်ဘဲ
ကိုယ်နားမလည်နိုင်ခဲ့တဲ့တစ်ကြိမ်တည်းနဲ့
ဆုံးဖြတ်ချင်တဲ့သူတွေလည်း ရှိပါတယ်။

တကယ်တမ်း ပြဿနာဟာ ကိုယ် မဟုတ်ပါဘူး။
ကိုယ့်တန်ဖိုးကို မမြင်နိုင်တဲ့မျက်လုံးတွေကြောင့်ပါ။
ကိုယ့်ရဲ့ကောင်းမှုတွေကို မမြင်ချင်တဲ့သူတွေကြောင့်
ကိုယ့်ကိုယ်ကို မပြောင်းလဲလိုက်ပါနဲ့။
ကိုယ်ကောင်းအောင် နေခဲ့တာတွေကို
တစ်ချို့လူတွေ မမြင်ပေးနိုင်တာကြောင့်
အဓိပ္ပာယ်မဲ့သွားမှာ မဟုတ်ပါဘူး။

ဘဝမှာ အရေးကြီးဆုံးက
လူမြင်ကောင်းအောင် လူကောင်းတစ်ယောက်လို နေထိုင်ပြခြင်းထက် အမှန်တကယ် လူကောင်းတစ်ယောက်ဖြစ်လာအောင် ကျင့်ကြံနေထိုင်နေဖို့သာ အဓိကပါ။ ။

#ဟန်မင်း(Nightmare&Deep)
(၇၊၈၊၂၀၂၆)
https://www.facebook.com/hanmin87

"မမြဲခြင်းကို နားလည်လာတဲ့နေ့"တချို့သော မြင်ကွင်းတွေဟာ လူတစ်ယောက်ရဲ့အမြင်ကို တစ်သက်လုံး ပြောင်းလဲသွားစေတတ်ပါတယ်။ကိုယ့်ရှေ...
31/07/2026

"မမြဲခြင်းကို နားလည်လာတဲ့နေ့"

တချို့သော မြင်ကွင်းတွေဟာ
လူတစ်ယောက်ရဲ့အမြင်ကို
တစ်သက်လုံး ပြောင်းလဲသွားစေတတ်ပါတယ်။
ကိုယ့်ရှေ့လေးတင် အသက်တစ်ချောင်း ချုပ်ငြိမ်းသွားတာတွေ အဲဒီလိုမမျှော်လင့်ထားတဲ့ခွဲခွာမှုတွေကို ကြုံတွေ့ ခဲ့ရပြီးနောက်
ဘဝဆိုတာ ကိုယ်တကယ်ပိုင်တဲ့အရာ မဟုတ်ဘဲ
ခဏတာ ငှားရမ်းထားတဲ့ခရီးတစ်ခုဆိုတာ နားလည်လာခဲ့တယ်။

ဒီနေ့မှာရှိတဲ့အောင်မြင်မှုတွေဟာလည်း
မနက်ဖြန်မှာ အတိတ်ဖြစ်သွားနိုင်သလို၊
ဒီနေ့ရဲ့ နာကျင်မှုတွေဟာလည်း
တစ်နေ့မှာ မှတ်ဉာဏ်တစ်ခုသာ ကျန်ရစ်သွားမှာပါ။

ဒါကြောင့်
မလိုအပ်တဲ့ပြိုင်ဆိုင်မှုတွေနောက် မလိုက်တော့ဘူး။
မမှန်တဲ့လမ်းတွေမှာ မပျောက်ဆုံးချင်တော့ဘူး။
ကိုယ်ရဲ့အကျိုးအတွက် သူတစ်ပါးရဲ့နှလုံးသားကို
မနာကျင်စေချင်တော့ဘူး။

ဘဝဆိုတာ အနိုင်ယူဖို့ မဟုတ်ဘူး။နားလည်ဖို့ပါ။
ပိုင်ဆိုင်ဖို့ မဟုတ်သလို တန်ဖိုးထားတတ်ဖို့ပါ။

နောက်ဆုံးခရီးကို ဘယ်သူမှ
ရှောင်လွှဲလို့မရတဲ့ ဒီလောကမှာ
လူတစ်ယောက်အနေနဲ့ ကျန်ခဲ့စေချင်တာတွေက
ကြီးမားတဲ့အောင်မြင်မှုတွေ မဟုတ်ဘဲ
တစ်စုံတစ်ယောက်ရဲ့ နှလုံးသားထဲက
နွေးထွေးတဲ့ အမှတ်တရတစ်ခုသာ ဖြစ်ပါတယ်။ ။

#ဟန်မင်း(Nightmare&Deep)
(၃၁၊၇၊၂၀၂၆)
https://www.facebook.com/hanmin87

"မမြင်ရတဲ့ အက်ကြောင်းများ"လူတွေ ဝေးသွားတာဟာ အကွာအဝေးကြောင့် မဟုတ်ဘူး။လူတစ်ယောက်ကို ဆဲဆိုကြိမ်းမောင်းမှ နာကျင်ရတာ မဟုတ်ဘူ...
28/07/2026

"မမြင်ရတဲ့ အက်ကြောင်းများ"

လူတွေ ဝေးသွားတာဟာ
အကွာအဝေးကြောင့် မဟုတ်ဘူး။
လူတစ်ယောက်ကို ဆဲဆိုကြိမ်းမောင်းမှ
နာကျင်ရတာ မဟုတ်ဘူး။
အလေးမထားဘဲပြောလိုက်မိတဲ့
စကားတစ်ခွန်းဟာလည်း
မမြင်ရတဲ့အက်ကြောင်းတစ်ခုကို
တိတ်တဆိတ် ဖန်တီးပေးလိုက်နိုင်ပါတယ်။

လူတစ်ယောက်ကို လက်နဲ့တွန်းထုတ်လိုက်မှ
ဝေးသွားတာ မဟုတ်ဘူး။
မျက်နှာလွှဲလိုက်တဲ့ အခိုက်အတန့်လေး၊
ဂရုမစိုက်တဲ့အပြုအမူလေးတစ်ခုဟာလည်း
နှလုံးသားတွေကြားမှာ အကွာအဝေးကို
တစ်နေ့တခြား ရှည်လျားလာစေပါတယ်။

တစ်ခါတလေ
လူတစ်ယောက်ရဲ့ခံစားချက်ဟာ
အမှန်တရားတွေထက် ပိုပြီးအသံကျယ်နေခဲ့ရင်လည်း
အမှန်တွေ ပြောနေဖို့ထက် ဘယ်လိုပြောရင်
မနာကျင်စေနိုင်ဘူးလဲဆိုပြီး
ပိုအရေးကြီးတဲ့အချိန်တွေဆိုတာ ရှိပါသေးတယ်။
ကိုယ်က အမှန်ကို ပြောခဲ့ပေမဲ့
သူက အနာကိုပဲ ခံစားနေခဲ့ရရင်
အဲဒီအမှန်တရားဟာ
တရားမျှတမှု မဟုတ်တော့ဘဲ
နာကျင်မှုတစ်ခုသာ ဖြစ်ကျန်ရစ်ခဲ့တတ်လို့ပါပဲ။

နောက်ဆုံးမှာ
ချစ်ခြင်းတွေကို ဖျက်ဆီးနိုင်တာဟာ
မုန်းတီးမှုကြီးတွေ မဟုတ်ပါဘူး။
သတိမထားမိတဲ့ စကားတစ်ခွန်း၊
အလေးမထားတဲ့အပြုအမူတစ်ခု၊
တစ်ယူသန်စိတ်တွေကပဲ တဖြည်းဖြည်းနဲ့
အချစ်တွေကို လျော့နည်းပြီး
ဝေးကွာသွားစေတတ်တာပါ။ ။

#ဟန်မင်း(Nightmare&Deep)
(၂၈၊၇၊၂၀၂၆)
https://www.facebook.com/hanmin87

"မပြိုလဲတဲ့စိတ်"ဘယ်လောက်ပဲ အမှောင်တွေ ထူထပ်နေပါစေ။အလင်းကို ရှာဖို့ မျက်လုံးကို မပိတ်လိုက်ပါနဲ့။ဘယ်လောက်ပဲ နာကျင်နေပါစေ။န...
24/07/2026

"မပြိုလဲတဲ့စိတ်"

ဘယ်လောက်ပဲ အမှောင်တွေ ထူထပ်နေပါစေ။
အလင်းကို ရှာဖို့ မျက်လုံးကို မပိတ်လိုက်ပါနဲ့။

ဘယ်လောက်ပဲ နာကျင်နေပါစေ။
နာကျင်မှုကို အကြောင်းပြပြီး ကိုယ့်စိတ်ကို မရိုက်ချိုးလိုက်ပါနဲ့။

ဘယ်လောက်ပဲ လူတွေ အထင်သေးနေပါစေ။
ကိုယ့်တန်ဖိုးကို ကိုယ်တိုင် မလျှော့ချလိုက်ပါနဲ့။

ဘယ်လောက်ပဲ လိုအပ်နေပါစေ။
မထိုက်တန်တဲ့အရာတစ်ခုကို စွန့်လွှတ်ဖို့ ဝန်မလေးလိုက်ပါနဲ့။

ဘယ်လောက်ပဲ ဘဝက ခက်ခဲနေပါစေ။
လူတစ်ယောက်ရဲ့တန်ဖိုးကို တိုင်းတာတာဟာ
သူ ဘယ်နှခါလဲကျခဲ့လဲဆိုတာ မဟုတ်ဘဲ
လဲကျတိုင်း ဘယ်နှခါပြန်ထလာနိုင်ခဲ့လဲဆိုတာပါပဲ။

ဘဝက ကိုယ့်ကို စမ်းသပ်တာဟာ ကိုယ်ကို
ဖျက်ဆီးဖို့ မဟုတ်ဘဲ ကိုယ့်အတွင်းမှာ ရှိနေတဲ့စိတ်ဓာတ်ကို ကိုယ်တိုင် မြင်တွေ့လာစေဖို့ပဲ ဖြစ်ပါတယ်။ ။

#ဟန်မင်း(Nightmare&Deep)
(၂၄၊၇၊၂၀၂၆)
https://www.facebook.com/hanmin87

"နေကြာပန်းရဲ့သစ္စာ"မင်းဟာ ကိုယ့်ဘဝရဲ့နေမင်းဆိုရင်ကိုယ်ဟာ မင်းတစ်ယောက်တည်းကိုပဲ ငေးမောရူးသွပ်ရတဲ့နေကြာပန်းလေးတစ်ပွင့်ပါ။န...
24/07/2026

"နေကြာပန်းရဲ့သစ္စာ"

မင်းဟာ ကိုယ့်ဘဝရဲ့နေမင်းဆိုရင်
ကိုယ်ဟာ မင်းတစ်ယောက်တည်းကိုပဲ
ငေးမောရူးသွပ်ရတဲ့နေကြာပန်းလေးတစ်ပွင့်ပါ။

နေကြာပန်းက နေမင်းရှိရာကိုပဲ မျက်နှာမူသလို
ကိုယ့်နှလုံးသားကလည်း မင်းရှိရာကိုပဲ
အမြဲဦးတည်နေမိတယ်။

တခြားအလင်းရောင်တွေ
ဘယ်လောက်ပဲ လှပနေပါစေ။
ကိုယ့်အတွက်တော့ မင်းတစ်ယောက်တည်းကပဲ
ကိုယ့်ကမ္ဘာကို နွေးထွေးစေတဲ့နေရောင်ခြည်လေးပါ။

အချစ်ဆိုတာ ပိုင်ဆိုင်ဖို့ထက်
တစ်ယောက်တည်းကိုပဲ မပြောင်းလဲတဲ့စိတ်နဲ့
အမြဲရွေးချယ်နေခြင်းလည်း ဖြစ်တယ်။ ။

#ဟန်မင်း(Nightmare&Deep)
(၂၄၊၇၊၂၀၂၆)
https://www.facebook.com/hanmin87

"လူတိုင်းရဲ့ အနီစည်း"လူအများစုကြုံတွေ့ရတဲ့ပြဿနာတွေထဲမှာ ပြဿနာတစ်ခုရှိပါတယ်။အဲဒါကတော့ တစ်ဖက်လူရဲ့တန်ဖိုးထားလေးစားရတဲ့သူကိ...
23/07/2026

"လူတိုင်းရဲ့ အနီစည်း"

လူအများစုကြုံတွေ့ရတဲ့ပြဿနာတွေထဲမှာ
ပြဿနာတစ်ခုရှိပါတယ်။
အဲဒါကတော့ တစ်ဖက်လူရဲ့တန်ဖိုးထားလေးစားရတဲ့သူကို ထိပါးစော်ကားမိရာကနေ လာတဲ့ ပြဿနာပါ။

ကိုယ့်အနေနဲ့ တစ်ဖက်လူရှေ့မှာ
တခြားလူတစ်ယောက်ကို ဝေဖန်လိုက်တာ၊ လှောင်ပြောင်လိုက်တာ၊ မကောင်းပြောလိုက်တာဟာ ကိုယ့်အတွက်တော့ သာမန်စကားတစ်ခွန်းပဲ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
ဒါပေမဲ့ အဲဒီလူဟာ တစ်ဖက်လူရဲ့ မိဘ၊ ဆရာ၊ ချစ်သူ၊ မိသားစုဝင် ဒါမှမဟုတ် သူအလွန်လေးစားတန်ဖိုးထားရတဲ့သူ ဖြစ်နေတယ်ဆိုရင်တော့
အဲဒီစကားတစ်ခွန်းဟာ ပြဿနာတစ်ခုရဲ့
အစဖြစ်သွားနိုင်ပါတယ်။

တစ်ခါတလေ လူတွေဟာ
ကိုယ်တိုင်အတိုက်ခိုက်ခံရတာထက်
ကိုယ်တန်ဖိုးထားတဲ့သူ အတိုက်ခိုက်ခံရတာကို
ပိုပြီးမခံနိုင်ကြတာ များပါတယ်။
အဲဒီအခါကျရင် သူတို့ဟာ ကာကွယ်ဖို့၊ ရှင်းပြဖို့၊
တုံ့ပြန်ဖို့ ရွေးချယ်တတ်ကြပါတယ်။
ဒါတွေဟာ ဒေါသကြီးလို့မဟုတ်ဘဲ
ကိုယ်တန်ဖိုးထားတဲ့အရာကို
ကာကွယ်ချင်တဲ့သဘာဝစိတ်ကြောင့်သာ ဖြစ်ပါတယ်။

ဒါကြောင့် လူမှုဆက်ဆံရေးမှာ စကားမပြောခင်၊
မဝေဖန်ခင်၊ ဟာသမလုပ်ခင် တခဏလောက် စဉ်းစားတတ်ဖို့ လိုပါတယ်။
ကိုယ်မသိတဲ့ တစ်ဖက်လူရဲ့ အနီစည်းကို
မတော်တဆ ကျော်မိသွားနိုင်လို့ပါ။

လေးစားမှုဆိုတာ လူတစ်ယောက်တည်းကိုပဲ
ပေးရတာမျိုး မဟုတ်ပါဘူး။
သူတန်ဖိုးထားတဲ့အရာတွေ၊ သူချစ်တဲ့လူတွေကိုပါ လေးစားပေးနိုင်မှ တကယ့်လေးစားမှု ဖြစ်ပါတယ်။
အဲဒီလို နားလည်ပေးတတ်တဲ့စိတ်ရှိရင်
မလိုအပ်တဲ့အငြင်းပွားမှုတွေနဲ့ ရန်ငြိုးတွေကို
အများကြီး လျှော့ချနိုင်မှာ ဖြစ်ပါတယ်။ ။

#ဟန်မင်း(Nightmare&Deep)
(၂၃၊၇၊၂၀၂၆)
https://www.facebook.com/hanmin87

"စွမ်းရည်က ကျော်ကြားစေတယ် ကောင်းကျိုးက ထာဝရရှင်သန်စေတယ်"လူတော်တွေရဲ့ကျော်ကြားမှုဟာ အချိန်အတိုင်းအတာတစ်ခုအထိသာရှိနေတတ်ကြပ...
17/07/2026

"စွမ်းရည်က ကျော်ကြားစေတယ်
ကောင်းကျိုးက ထာဝရရှင်သန်စေတယ်"

လူတော်တွေရဲ့ကျော်ကြားမှုဟာ
အချိန်အတိုင်းအတာတစ်ခုအထိသာ
ရှိနေတတ်ကြပြီး
လူ့အကျိုးပြုခဲ့တဲ့လူကောင်းတွေကိုကျ
လူတွေက ပိုအမှတ်ရတတ်ကြပြီး
သမိုင်းထဲထိတောင်
ထာဝရရှင်သန်ပြီး ရှိနေနိုင်ပါတယ်။

အဲဒါ ဘာလို့လဲဆိုတော့...
လောကမှာ အရမ်းတော်ပြီး အရမ်းထူးချွန်တဲ့သူတွေဟာ သူတို့ရဲ့ စွမ်းရည်ကြောင့် ထင်ပေါ်ကျော်ကြားတတ်ကြပါတယ်။
သို့ပေမဲ့ အချိန်ကာလကြာညောင်းလာတာနဲ့အမျှ
သူတို့ထက် ပိုထူးချွန်တဲ့သူတွေ ပေါ်လာနိုင်တာကြောင့် သူတို့ရဲ့ကျော်ကြားမှုဟာ တဖြည်းဖြည်း လျော့နည်းသွားတတ်ကြပါတယ်။

လူ့လောကကို ကောင်းကျိုးပြုခဲ့တဲ့သူတွေကတော့
သူတို့ပြုလုပ်ခဲ့တဲ့လုပ်ဆောင်ချက်တွေဟာ
လူတွေရဲ့ဘဝကို ပြောင်းလဲပေးခဲ့တာဖြစ်လို့ အချိန်ဘယ်လောက်ကြာကြာ လူတွေက မမေ့နိုင်ကြပါဘူး။

စွမ်းရည်ကြောင့် နာမည်ကြီးတဲ့သူကို
လူတွေက လေးစားကြပါတယ်။
သို့ပေမဲ့...လူသားတွေအတွက်
အကျိုးပြုခဲ့တဲ့သူကိုတော့ လူတွေက
ကျေးဇူးတင်ကြပါတယ်။
လေးစားမှုဆိုတာ အချိန်နဲ့အမျှ ပြောင်းလဲနိုင်ပေမဲ့ ကျေးဇူးတရားကတော့ မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် လက်ဆင့်ကမ်းပြီး အမှတ်ရနေနိုင်ပါတယ်။

ဒါကြောင့် လူတွေဟာ "သူ ဘယ်လောက်တော်လဲ" ဆိုတာထက် "သူ ဘာကောင်းကျိုးတွေ ချန်ထားခဲ့လဲ" ဆိုတာကိုပဲ ပိုပြီး အမှတ်ရတတ်ကြတာပါ။
အဲ့ဒါကြောင့် လူ့အကျိုးပြုခဲ့တဲ့သူတွေဟာ သမိုင်းထဲမှာ ပိုမိုရှင်သန်နေတတ်ကြပါတယ်။ ။

#ဟန်မင်း(Nightmare&Deep)
(၁၇၊၇၊၂၀၂၆)
https://www.facebook.com/hanmin87

"ပြောင်းလဲမှုနဲ့ချစ်ခြင်း"တချို့မိန်းမတွေဟာ သူတို့ရဲ့အချစ်နဲ့ယောက်ျားတစ်ယောက်ကို ပြုပြင်ပြောင်းလဲပေးနိုင်တယ်လို့ ထင်တတ်က...
16/07/2026

"ပြောင်းလဲမှုနဲ့ချစ်ခြင်း"

တချို့မိန်းမတွေဟာ သူတို့ရဲ့အချစ်နဲ့
ယောက်ျားတစ်ယောက်ကို ပြုပြင်ပြောင်းလဲပေး
နိုင်တယ်လို့ ထင်တတ်ကြတယ်။
အကယ်လို့ ယောက်ျားတစ်ယောက်ဟာ
မိန်းမတစ်ယောက်ကြောင့် ပိုကောင်းတဲ့လူတစ်ယောက်အဖြစ် ပြောင်းလဲသွားတယ်ဆိုရင်လည်း
အဲဒီမိန်းမရဲ့.... "I can fix him.(ငါ သူ့ကို ပြုပြင်နိုင်တယ်)" ကြောင့် မဟုတ်ဘူး။
တကယ့်ပြောင်းလဲမှုဆိုတာ အပြင်ကပေးလာတဲ့ဖိအားတွေကြောင့် မဟုတ်ဘဲ အတွင်းစိတ်က
လိုလိုလားလားလက်ခံလိုက်တဲ့အချိန်မှ စတာပါ။

ယောက်ျားတစ်ယောက်ဟာ
သူတကယ်ချစ်တဲ့မိန်းမတစ်ယောက်ကို တန်ဖိုးထားတယ်။ ဘယ်နည်းနဲ့မှ ဆုံးရှုံးခံမှာ မဟုတ်ဘူး။
အဲဒီမိန်းမရဲ့ဘဝအတွက်
ပိုကောင်းတဲ့လူတစ်ယောက် ဖြစ်ချင်တယ်လို့ နားလည်လာတဲ့အချိန်မှာ
သူ့အပြုအမူတွေ၊ အကျင့်စရိုက်တွေ၊
စဉ်းစားပုံတွေကို သူ့အသိနဲ့သူ
စတင်ပြောင်းလဲလာပါလိမ့်မယ်။

မိန်းမတစ်ယောက်ဟာ ယောက်ျားတစ်ယောက်ကို
ပြုပြင်ပြောင်းလဲ မပေးနိုင်ပါဘူး။
ယောက်ျားတစ်ယောက်က
အဲဒီမိန်းမကိုချစ်တဲ့စိတ်နဲ့ သူ့ကိုယ်သူ ပြုပြင်ပြောင်းလဲသွားနိုင်တာလို့ ပြောရင် ပိုမှန်ပါလိမ့်မယ်။

တကယ့်အချစ်ဆိုတာ
တစ်ယောက်ကိုတစ်ယောက် ပြုပြင်ပေးတာမဟုတ်ဘဲ ချစ်တဲ့စိတ်ကြောင့် ကိုယ့်ကိုယ်ကို
ပိုကောင်းတဲ့လူတစ်ယောက်ဖြစ်လာအောင်
ပြောင်းလဲယူတဲ့ ခွန်အားတစ်ခုပါ။ ။

#ဟန်မင်း(Nightmare&Deep)
(၁၆၊၇၊၂၀၂၆)
https://www.facebook.com/hanmin87

လူတော်တော်များများဟာသဘာဝတရားက ကောင်းတဲ့သူဆို မကောင်းတဲ့သူနဲ့ တွဲပေးတတ်တယ်လို့ တွေးထင်တတ်ကြတယ်။ဒါပေမဲ့... တကယ်တော့ သဘာဝတရ...
09/07/2026

လူတော်တော်များများဟာ
သဘာဝတရားက ကောင်းတဲ့သူဆို မကောင်းတဲ့သူနဲ့ တွဲပေးတတ်တယ်လို့ တွေးထင်တတ်ကြတယ်။
ဒါပေမဲ့... တကယ်တော့ သဘာဝတရားက အဲဒီလို ရွေးချယ်ပေးတာ မဟုတ်ပါဘူး။

ဘာကြောင့် အဲဒီလို ဆိုနိုင်လဲဆိုတော့...
ကောင်းတဲ့သူနဲ့ မကောင်းတဲ့သူ တွဲမိတဲ့ ဇာတ်လမ်းတွေဆိုရင် လူတွေရဲ့ မှတ်ဉာဏ်ထဲမှာ ပိုစွဲတတ်ကြတယ်။
ကောင်းတဲ့သူနှစ်ယောက် အေးအေးချမ်းချမ်း နေထိုင်နေတဲ့အတွဲတွေဆိုရင်တော့ အသံမထွက်
သတင်းမဖြစ်လို့ လူတွေဟာ
သိပ်သတိမထားမိကြပါဘူး။
လူတွေဟာ ထူးခြားတဲ့ဖြစ်ရပ်တွေဆို
ပိုမှတ်မိတတ်ကြပြီး အဲဒီအပေါ် အခြေခံကာ
ယေဘုယျသဘောတရားအဖြစ်
ထင်မြင်ပြောဆိုနေကြခြင်းသာ ဖြစ်ပါတယ်။

တကယ်တမ်း လက်တွေ့ဘဝမှာတော့ ကောင်းတဲ့သူဟာ မကောင်းတဲ့သူနဲ့ ဆုံမိတာမျိုး ရှိသလို၊ ကောင်းတဲ့သူနှစ်ယောက် ဆုံတွေ့ပြီး အတူလက်တွဲနေကြတာမျိုးလည်း အများကြီး ရှိပါတယ်။

တစ်ခါတလေ ကောင်းတဲ့သူတွေဟာ
ယုံကြည်လွယ်လို့ နာကျင်ရတယ်။
သည်းခံလွန်းလို့ အခွင့်အရေးယူခံရတယ်။
ချစ်လွန်းလို့ အပစ်ခံရတယ်။
ဒါပေမဲ့ အဲဒါတွေဟာ သဘာဝတရားရဲ့
စည်းမျဉ်း မဟုတ်ပါဘူး။
ကိုယ်ရဲ့ရွေးချယ်မှုကြောင့် ဖြစ်လာတဲ့
အကျိုးဆက်တွေသာ ဖြစ်ပါတယ်။
ဘဝမှာ ကိုယ့်အနေနဲ့
ဘယ်လိုလူနဲ့ ဆုံမလဲဆိုတာကို အမြဲတမ်း မရွေးချယ်နိုင်ပေမဲ့ ဘယ်လိုလူနဲ့ ဆက်လက်လက်တွဲမလဲဆိုတာကိုတော့ ရွေးချယ်နိုင်ပါတယ်။

ဒါကြောင့်...
"သဘာဝတရားက ကောင်းတဲ့သူကို မကောင်းတဲ့သူနဲ့ တွဲပေးတတ်တယ်" လို့ ယုံကြည်နေမဲ့အစား၊
ကိုယ် ဘယ်သူ့ကို ရွေးချယ်မလဲ၊
ဘယ်လို ဆက်ဆံရေးမျိုးကို
ဖန်တီးတည်ဆောက်ယူမလဲဆိုတာကိုပဲ
ပိုပြီး အလေးထားသင့်ပါတယ်။

လူတစ်ယောက်ရဲ့ကံကြမ္မာကို ဆုံးဖြတ်ပေးတာဟာ တွေ့ဆုံမှုတစ်ခုတည်း မဟုတ်ဘဲ
အဲဒီတွေ့ဆုံမှုနောက်က ကိုယ်လုပ်တဲ့ရွေးချယ်မှုတွေပဲ ဖြစ်ပါတယ်။

ကိုယ်ရဲ့ကောင်းမွန်တဲ့စိတ်ထားလေးကို
အမြဲထိန်းသိမ်းထားပါ။
ဒါပေမဲ့ ကိုယ့်တန်ဖိုးကို မလျှော့ပါနဲ့။
ကိုယ့်ရဲ့ကောင်းခြင်းတွေကို မြင်နိုင်တဲ့အရပ်မှာ ရှင်သန်ပါ။
အဲဒီအချိန်ကျရင် ကောင်းခြင်းဟာ နာကျင်မှုရဲ့ အကြောင်းအရင်း မဟုတ်တော့ဘဲ ပျော်ရွှင်ခြင်းရဲ့ အခြေခံအုတ်မြစ် ဖြစ်လာပါလိမ့်မယ်။ ။

#ဟန်မင်း(Nightmare&Deep)
(၉၊၇၊၂၀၂၆)
https://www.facebook.com/hanmin87

住所

Utsunomiya-shi, Tochigi

ウェブサイト

アラート

POEMS & WORDSがニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

ショートカット

  • 住所
  • アラート

共有する