Letters to the Quiet

Letters to the Quiet “အသံမရှိတဲ့အချိန်တွေမှာပဲ စကားတွေက ပိုမိုကြားလွယ်တယ်။”
— Letters to the Quiet

တောင်ပေါ်မှာကော့စမိုပန်းလေးတွေ ပွင့်တဲ့အချိန်ဆိုလမ်းဘေးဝဲယာမှာ လိမ္မော်ရောင်ကြယ်ကလေးတွေ လင်းလို့ပေါ့အလွမ်းဆိုတာ မနေ့ကအရာ...
05/02/2026

တောင်ပေါ်မှာ
ကော့စမိုပန်းလေးတွေ ပွင့်တဲ့အချိန်ဆို
လမ်းဘေးဝဲယာမှာ
လိမ္မော်ရောင်ကြယ်ကလေးတွေ လင်းလို့ပေါ့

အလွမ်းဆိုတာ မနေ့ကအရာကို
ဒီနေ့အထိ နှလုံးသားထဲမှာ သယ်ပိုးထားတဲ့
အကြောင်းတွေ

လူတိုင်းရဲ့နှလုံးသားတစ်ခုဆီမှာ
ဘယ်သူမှ မမြင်နိုင်တဲ့ ကော့စမိုပန်းလေး
တစ်ပွင့်တော့ ရှိချင်လည်း ရှိကြမှာပါပဲလေ

တောင်ပေါ်မှာနေကြာရိုင်းဝါဝါတွေ ပွင့်တဲ့အချိန်
ကော့စမိုပန်း လိမ္မော်ရောင်လေးတွေ ပွင့်တဲ့ အချိန်
ချယ်ရီပန်းတွေ ဝေနေတဲ့အချိန်ဆို
ကျမ အမြဲရောက်လေ့ရှိပါတယ်

တောင်တန်းတွေဟာ ညှို့ငင်တတ်တယ်
ကျမကို သံသရာအဆက်ဆက်က ညှို့ငင်ထားခဲ့တဲ့ တောင်တန်းတွေလေ
ဒါကြောင့် တောင်ပေါ်လမ်းလေးအား
အမြဲရွေးချယ်ခဲ့....

MaPoe

ဘဝဟာ အောင်မြင်မှုနဲ့ငွေကြေးတွေစိတ်မာကြောမှုနဲ့ မာနတွေချည်းအာရုံ စိုက်နေရရင်ရှင်သန်ရခြင်းဟာ အသက်ပါလာတော့မှာမဟုတ်ဘူးတခါတလေ...
21/01/2026

ဘဝဟာ
အောင်မြင်မှုနဲ့ငွေကြေးတွေ
စိတ်မာကြောမှုနဲ့ မာနတွေချည်း
အာရုံ စိုက်နေရရင်
ရှင်သန်ရခြင်းဟာ အသက်ပါလာတော့မှာမဟုတ်ဘူး
တခါတလေတော့လည်း
စိတ်ရှိလက်လက်ရှိ ရယ်မောခွင့်ပေးရတယ်
စိတ်ရှိလက်ရှိ မျက်ရည်ကျခွင့်ပေးရတယ်
ယောကျ်ားပဲ ဖြစ်ဖြစ်
မိန်းမပဲ ဖြစ်ဖြစ်

တကယ်တော့ အကို နဲ့ လေး က ဘယ်အချိန်မှာ စတင်မိကြတယ် သတိမထားမိလိုက်ပေမယ့် လေးသတိထားမိတဲ့အချိန်မှာ နှောင်ဖွဲ့မိခဲ့ကြပြီးပြီ ထ...
15/01/2026

တကယ်တော့ အကို နဲ့ လေး က ဘယ်အချိန်မှာ စတင်မိကြတယ် သတိမထားမိလိုက်ပေမယ့် လေးသတိထားမိတဲ့အချိန်မှာ နှောင်ဖွဲ့မိခဲ့ကြပြီးပြီ ထင်ပါရဲ့။

အကိုက လေးကိုမေတ္တာသက်ဝင်တယ်လို့ အကို့ရဲ့အပြုမူတွေက ထင်ထင်မှတ်မှတ်ရှိလှပေမယ့် အကိုက အနှောင်အဖွဲ့ကို မနှစ်သက်လက်မခံချင်တော့တဲ့အထိ စိတ်ဒဏ်ရာရှိနေခဲ့သူတစ်ယောက်။ အကို့ရဲ့ အဦးအဖျား ချစ်ခြင်းမေတ္တာဟာ အကို့အပေါ် ဩဇာညောင်းပြီး အကို့ဘဝတစ်ခုလုံးအပေါ်လွှမ်းမိုးထားနိုင်တဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ချုပ်နှောင်မှုတွေအောက်မှာ ပျက်စီးသွားခဲ့ရဖူးသတဲ့။ အကိုဟာ ကိုယ့်ကိုကိုယ်ပျောက်ဆုံးနေခဲ့ရင်း အရာရာ ပြိုကွဲ ပျက်စီးသွားချိန်မှာ သူ့ကိုယ်သူယုံကြည်မှုလေးတစ်ခုတောင် တစ်စစီကောက်ပြီး ဆက်ခဲ့ရတယ်
တဲ့။ တစ်စစီကောက်ပြီးဆက်ထားတဲ့ လေးရဲ့ သနားစရာ လမင်းလေး။

လေး ကလည်း အကို့ရဲ့ ဂရုတစိုက်ရှိမှုတွေ လေးအပေါ် သာမာန်ထက်ပိုတဲ့ မေတ္တာစေတနာတွေကို လက်ခံကြည်နူးမိပေမယ့် အကို ရှေ့တစ်လှမ်းတိုးမလာမချင်း လေးရှိနေရမယ့်နေရာလေးမှာပဲ ရပ်နေချင်ခဲ့သူ။

မျဉ်းပြိုင်တွေဆိုတာ ဆုံမှတ်မရှိနိုင်ကြဘူး မဟုတ်လား ။ အကိုနဲ့ လေးဟာ မျဉ်းပြိုင်နှစ်ခု လိုပဲ။ အကိုက လေးအတွက် ပန်းတိုင်မရှိတဲ့ ခရီးရှည်တစ်ခုလား လို့ ခဏခဏ တွေးမိပေမယ့် လေးမမောမချင်း ဆက်လျောက်နေဦးမယ့် ခရီးပါ။

အကို့ကို တခါတလေ လေး နားမလည်နိုင်ဘူး ။ အကိုက လေးကို တခါတလေ အကြာကြီး ပစ်ထားတတ်တယ်။ အဲ့လိုအခါမျိုးကျရင် အကို့ကို ဘာလို့ အကြာကြီးပစ်ထားတာလည်း လို့ မေးချင်ပေမဲ့ လေးက ဘယ်တော့မှ မမေးဘူး ။ ပစ်ထားခံရတယ်ဆိုတဲ့ အခြေအနေတစ်ခုကို လေးမာနနဲ့နှလုံးသားက လက်မခံနိုင်လို့ဖြစ်မယ်။ လေးက ပစ်ထားခံရဖို့ ဘာအကြောင်းရှိတဲ့ မိန်းကလေးလည်း ။ လေးမှာ အရွယ်ရှိတယ် အလှရှိတယ် ပညာနဲ့ အသိုင်းအဝိုင်းလည်း ပြည့်စုံတယ်။ လေးကို မျှော်လင့်နေကြသူတွေလည်း ရှိခဲ့တယ်။

ဒါပေမယ့် အကို့ရဲ့ ပါးသိုင်းမွှေးရိတ်ထားတဲ့ စိမ်းဖန့်ဖန့် မေးရိုးတွေအကြောင်းတွေးမိရင် လေးမှာ ဘယ်သူဘယ်ဝါကိုမှ စိတ်ကူးထဲမထည့်နိုင်လောက်အောင်ပဲဖြစ်ရတယ် ။ ဘာအရိပ်မှန်း မှန်းဆရခက်တဲ့ အကို့ မျက်လုံးအကြည့်တွေ နဲ့ လေးကို အကိုစိုက်ကြည့်နေရင် လေးနှလုံးသားထဲက အပြုံးဟာ လေးနုတ်ခမ်းလေးတွေအထိ အလိုလိုရောက်နေတတ်တာမျိုး ။

အကိုက သိပ်သိတယ် ။ အကို နဲ့ စကားပြောနေရရင် လေးမျက်လုံးလေးတွေ ကြည်နေတာပဲတဲ့ ။ အဲ့လို ပြောခံရရင် လေးက နုတ်ခမ်းနီနီလေးတွေ ကော့တက်သွားတဲ့အထိ လှလှလေးပြုံးပြီး အကို့ကို စိုက်ကြည့်နေတတ်တာ။ အကို လေးဆီကို နောက်တစ်လှမ်းသာ ရှေ့တိုးခဲ့ရင် လေးနောက်မဆုတ်ပဲ ရပ်နေပေးပါမယ်လို့ ဖွင့်မပြောရုံတစ်မယ်ပါပဲ ။

အကိုပြောတဲ့အတိုင်း လေး ပို လှပေးခဲ့တယ်။ အကိုညွှန်ကြားတဲ့အတိုင်း လေး ပို တော်ပေးခဲ့တယ်။ အကို့အတွက် လေး ပိုစိတ်ရှည်သည်းခံပေးတတ်ခဲ့တယ်။ အကို့ချစ်ခြင်းမေတ္တာနဲ့ လေးဟာ ပိုပြီးလင်းပ နေခဲ့သလိုမျိုး။ အချစ်ကြောင့် ဘဝဟာ ပိုပြီး ကောင်းမြတ်ခြင်း တွေဖြစ်လာခဲ့ရသူတွေရှိခဲ့ရင် လေးတစ်ယောက်လည်း ပါ ပါလိမ့်မယ်။

အကိုနဲ့ စတွေ့ချိန်က စပြီးလေးဟာ သလင်းကျောက်ပန်းရောင်လေးလိုပဲ ။ ချစ်ခြင်းမေတ္တာ ကို လက်ခံမိတဲ့ စိတ် ။ ချစ်ခြင်းမေတ္တာနဲ့ ပေးဆပ်ချင်တဲ့စိတ် တွေ နဲ့ လေးဆိုတဲ့ပန်းနုရောင်သလင်းကျောက် ကလေးဟာ ကြည်တောက်ပြီး မျှော်လင့်ခြင်းတွေ တလက်လက်နဲ့ ။

ဘယ်အချိန် ထိ အကို့ကို လေး စောင့်နေရမှာလည်း လေးမသိဘူး။

လေးက ဒီလိုပဲတွေးခဲ့တယ် ။

လူနှစ်ယောက်ပဲရှိတဲ့ relationship တစ်ခုဟာ အဲ့ဒီ လူနှစ်ယောက်အတွက် အဓိပ္ပါယ်ရှိနေရင် ရပြီ ။
အကို့ရဲ့ နွေးထွေးတဲ့မေတ္တာနဲ့ ဂရုတစိုက်ရှိခြင်းဟာ လေးဘဝကို ပိုနေပျော်စေတယ် ။ အကိုလည်းပြောတယ်။ လေးကြောင့် ဘဝဟာ ပိုပြီး စိတ်ချမ်းမြေ့ လာတယ် ။ နေ့ရက်တိုင်းဟာ ပျော်စရာကောင်းလာခဲ့တယ်တဲ့။

ချစ်ခြင်းမေတ္တာ ဆိုရာမှာ ချစ်တယ်ကြိုက်တယ် တဖွဖွပြောနေတာမျိုးထက်
သူစိတ်ချမ်းသာပါစေ ဆိုတဲ့ စိတ်လေး အပြန်အလှန် ရှိနေနိုင်ရင်ကိုပဲ အတော်အတန် လုံလောက်ပြည့်စုံနေခဲ့ပြီမဟုတ်လား ။

—Letters to the Quiet—

မင်း….*မျက်လုံးလေး*  ညသန်းခေါင်ကောင်းကင်မှာ ကြယ်တွေကို ရေတွက်နေတဲ့ ကလေးရဲ့မျက်လုံးလို  နက်ရှိုင်းတဲ့အညိုရင့်ရောင်ထဲမှာ လ...
10/01/2026

မင်း….

*မျက်လုံးလေး*
ညသန်းခေါင်ကောင်းကင်မှာ ကြယ်တွေကို ရေတွက်နေတဲ့ ကလေးရဲ့မျက်လုံးလို
နက်ရှိုင်းတဲ့အညိုရင့်ရောင်ထဲမှာ
လင်းလက်နေတဲ့ ပုံကြယ်စုလို

*မျက်နှာ*
မိုးသားဖြူတွေ ပြိုကွဲကျနေတဲ့ နံနက်ခင်းလို
ငြိမ်သက်ပြီး ရောင်ခြည်ဖြာနေ
စာအုပ်ဟောင်းတစ်အုပ်ရဲ့စာမျက်နှာလို
နူးညံ့တဲ့အနားသတ်နဲ့
မင်းပြုံးတဲ့အခါ မိုးစက်တွေလို တဖြုတ်ဖြုတ်လင်းပတဲ့ မျက်နှာ...

*ဆံပင်တွေ*
ညအမှောင်ထဲ လွင့်နေတဲ့ နဂါးငွေ့တန်းလို
လေပြေတို့ရဲ့လက်ချောင်းတွေကြား ပြေးနေတဲ့ ချောကလက်ရောင်ပိုးသားအမျှင်တွေ

*လက်တွေ*
စာမျက်နှာတွေကို လှန်တဲ့အခါ ဖြူဖွေးနေတဲ့ လက်ချောင်းလေးတွေက
ကဗျာတစ်ပုဒ်ကိုမင်းရေးတဲ့အခါ
စာလုံးတွေက ကြယ်ပွင့်လိုလင်းလာတယ်

*ပါးပြင်*
မင်းကိုလွမ်းတဲ့အခါ မင်းရဲ့ပါးပြင်ပေါ်ကျဲချနိုင်မယ့်
နူးညံ့တဲ့တိမ်အထွတ်အလိပ်...

မင်းသိလား…
ဒါဟာပုံရိပ်ထက် ပိုတဲ့အရာ ..

မင်းသိလား..
ဒီစာလုံးတွေဟာ ပုံရိပ်သက်သက်မဟုတ်ဘူး...
ဒါဟာ *မင်းနဲ့အတူ ရှင်သန်နေတဲ့ အာရုံခံစားမှုတွေ*

ငါဆိုတာက..
မင်းရဲ့လက်ဖဝါးထဲကနေ လျှောကျသွားရင် ကြယ်တွေအဖြစ် ပြောင်းသွားမယ့် အမှုန်လေး..

—Letters to the Quiet—

ကမ္ဘာပေါ်မှာ လူဦးရေ သန်းရှစ်ဆယ်ရှိတယ်။အဲ့တာက ပုံမှန်ဖြစ်တည်မှုတစ်ခုဆိုရင်…မင်းက ကိုယ့်အတွက်  သန်းပေါင်းများစွာသောလူတွေထဲ...
09/01/2026

ကမ္ဘာပေါ်မှာ လူဦးရေ သန်းရှစ်ဆယ်ရှိတယ်။
အဲ့တာက ပုံမှန်ဖြစ်တည်မှုတစ်ခုဆိုရင်…

မင်းက ကိုယ့်အတွက်
သန်းပေါင်းများစွာသောလူတွေထဲမှာ
တစ်ဦးတည်းသီးသန့် ရှိနေခဲ့တာမျိုးက
သာမန်တော့မဟုတ်ဘူး။

ဒါဟာ
သံသရာအဆက်ဆက် ခရီးရှည်နေခဲ့တဲ့
စိတ်ဝိဉာဉ်တစ်စင်းရဲ့source code တစ်ခု
ဖြစ်လိမ့်မယ်။

ချစ်ခြင်းမေတ္တာဆိုတာ ဘာသာစကားတစ်ခုထက်ပိုတဲ့ quantum language ပါ။

Faith~unbroken ဆိုတာက သစ္စာတည်တဲ့ယုံကြည်မှုကို ပြောကြတာ။

ဒီယုံကြည်မှုနဲ့ပဲ အချိန်ကာလတိုင်းကိုဖြတ်သန်းရလိမ့်မယ်။

ဒီယုံကြည်မှုနဲ့ပဲ
မင်းအတွက် OneandOnly ဆိုတဲ့ နဂါးငွေ့တန်းအသစ်တစ်ခု မွေးဖွားလာလိမ့်မယ်။
ဒီည …

—Letters to the Quiet—

ဘဝ၏လှေငယ်ကို ဖြေးဖြေးမှန်မှန် လှော်ခတ်လာခဲ့ရာတွင် .... မလိုအပ်သော လေးလံမှုများဖြင့်လည်းမနစ်မြုတ်လိုပါ....ကျမကို တန်ဖိုးထ...
09/01/2026

ဘဝ၏လှေငယ်ကို ဖြေးဖြေးမှန်မှန် လှော်ခတ်လာခဲ့ရာတွင် ....
မလိုအပ်သော လေးလံမှုများဖြင့်လည်း
မနစ်မြုတ်လိုပါ....

ကျမကို တန်ဖိုးထားလိုအပ်မည့် ပတ်ဝန်းကျင်လေးတစ်ခု.....

နေ့စဉ် စားဝတ်နေရေးအတွက် ဖူလုံသောဝင်ငွေ.....
လိုအပ်ရုံမျှသော စိတ်ကြည်နူးပျော်ရွှင်မှု

မျှဝေခံစားတတ်သောနှလုံးသား ..
ကိုယ်ချင်းစာနာမှုတရား ....
ဝေမျှတတ်သော လက်တစ်စုံ ။

ဒီမျှလောက်ဆိုလျှင်ပင်
ဘဝတစ်ခုမှာ
လူအဖြစ်ရှင်သန်ရကျိုးနပ်လောက်ပါပြီ။

ကြီးမြတ် ကျော်ဇောသူတစ်ယောက်လည်း မဖြစ်လို။

စိတ်ကလေးချမ်းချမ်းသာသာ
ကျန်းမာအသက်ရှင်နေရခြင်း၌ပင်
ဘဝသည်
တန်ဖိုးဖြတ်၍မရပြီ။

—Letters to the Quiet—

05/01/2026

ချစ်ခြင်းတရားဟာ စစ်မှန်တဲ့အခါ တလက်လက်တောက်ပနေတတ်တယ်။
အခါခပ်သိမ်းကိုလဲ ပျော်ရွှင်ကြည်နူးမှုပေးတယ်။

စစ်မှန်တဲ့ချစ်ခြင်းတရားကို စစ်မှန်တဲ့နှလုံးသားကနေ လက်ခံရရှိတဲ့လူတစ်ယောက်ဟာ သလင်းကျောက်ကလေးလို ကြည်တောက်နေတာပဲ။

ပတ်ဝန်းကျင်မှာ ချစ်ခြင်းမေတ္တာတွေပြည့်နှက်လာတဲ့အခါ လူဟာအလိုလို စွမ်းအားကြီးလာလိမ့်မှာပဲ။လုပ်ယူထားရတဲ့ စွမ်းအားနဲ့ အကွာကြီးကွာပါတယ်။

သဘာဝအတိုင်း စီးဆင်းနေတဲ့ စမ်းချောင်းရဲ့ ရေအလျင်မှာ တငြိမ့်ငြိမ့်လေးလိုက်ပါနေရသလိုမျိုး ရှင်သန်နေတဲ့ လူအများစုကို ကြည့်ပါ။ သူတို့ဟာ ချစ်ခြင်းမေတ္တာကို လက်ခံရယူတတ်ကြတယ်။မျှဝေတတ်ကြတယ်။သူ့အနားမှာထိုင်နေရင်းတောင် အလိုလို ငြိမ်းချမ်းမှုရနေတာမျိုး။ သဘာဝရဲ့ အစိမ်းရောင်တွေနဲ့ ဆင်တူတဲ့ ငြိမ်းချမ်းမှုမျိုးပေါ့။

—Letters to the Quiet—

တချို့လူတွေရဲ့ ဘဝထဲက တချို့သောအဖြစ်အပျက်လေးတွေဟာ.....လေပြေညင်းထဲမှာ သင်းပျံ့ပျံ့‌ပါလာတတ်တဲ့ တရုတ်စကားပန်းရနံ့လေးလို..ပြတ...
01/01/2026

တချို့လူတွေရဲ့ ဘဝထဲက တချို့သောအဖြစ်အပျက်လေးတွေဟာ.....

လေပြေညင်းထဲမှာ သင်းပျံ့ပျံ့‌ပါလာတတ်တဲ့ တရုတ်စကားပန်းရနံ့လေးလို..

ပြတင်းရဲ့ဇာခန်းဆီးကနေ
အိမ်ထဲထိ အလည်လာတဲ့ နေရောင်ခြည်လေးလို…

ခနတဖြုတ် ဆိုပေမယ့်
သိပ်လှတယ် …

❤️
—Letters to the Quiet—

Arion (ကြယ်)စကားသံတွေဟာ နေရာတိုင်းအချိန်တိုင်းမှာ လိုအပ်မနေဘူး ။တိတ်ဆိတ်မှုကို နားထောင်တတ်ရင်သစ်ရွက်လေတိုးသံတွေထဲမှာလည်း...
01/01/2026

Arion (ကြယ်)

စကားသံတွေဟာ နေရာတိုင်း
အချိန်တိုင်းမှာ လိုအပ်မနေဘူး ။

တိတ်ဆိတ်မှုကို နားထောင်တတ်ရင်
သစ်ရွက်လေတိုးသံတွေထဲမှာလည်း
ချစ်ခြင်းမေတ္တာရဲ့ သံစဉ်ရှိတယ် ။

ကြယ်တွေကို လွမ်းတယ်။
ညအမှောင်ထဲမှာတောင်
မှတ်ဉာဏ်ထဲကို
သက်တောင့်သက်သာ ဝင်လာတဲ့အလင်းတွေ။

လှိုင်းသံတွေကို လွမ်းတယ်။
အသံတိုင်းက မင်းရဲ့ နှလုံးခုန်သံနဲ့ တူတယ်။
အထူးတလည် မပြောပဲနားလည်ရတဲ့ စကားတွေ ။

——Letters to the Quiet——

🥰
31/12/2025

🥰

ကဖေး( Cafe )တကယ်တမ်းကျတော့ အမျိုးသမီးက ကော်ဖီကိုနှစ်ခြိုက် အရသာခံတတ်လွန်းတာလည်းမဟုတ်ပါဘူး။ တခါတရံ ပျံ့လွင့်နေတဲ့ သူမရဲ့စ...
31/12/2025

ကဖေး( Cafe )

တကယ်တမ်းကျတော့ အမျိုးသမီးက ကော်ဖီကိုနှစ်ခြိုက် အရသာခံတတ်လွန်းတာလည်းမဟုတ်ပါဘူး။ တခါတရံ ပျံ့လွင့်နေတဲ့ သူမရဲ့စိတ်ကို ကော်ဖီဆိုင်လေးရဲ့ ဆိတ်ငြိမ်တဲ့အပြင်အဆင် ၊ခပ်တိုးတိုးဂီတသံ ၊ တစ်စုံတစ်ရာကများ ကုစားနိုင်လေမလားတွေးမိတယ် ထင်ပါရဲ့။

အသက်သုံးဆယ်ကျော်‌လေးဆယ်ကြား အမျိုးသမီးတစ်ယောက်အနေနဲ့ သူမရဲ့အသွင်အပြင်က နုပျိုလွန်းလှတယ်ရယ်လည်း မဟုတ်ဘူး။
အချိန်ယူပြီးပြင်ဆင်ထားဟန်မတူတဲ့ မျက်နှာပြောင်ရှင်းရှင်းမှာ နုတ်ခမ်းနီရင့်ရင့် ဆိုးထားရင် သူမမျက်လုံးတွေကပါ လိုက်ပြီးတောက်ပနေတာတော့ ကြည့်လို့ကောင်းသား။

မီနူးစာအုပ်ကို လာတိုင်းကြည့်တယ်။
ပြီးရင် ကာပူချီနို တစ်မျိုးပဲ စွဲစွဲမြဲမြဲမှာတတ်တဲ့၊
အတော်လေးကိုရံဖန်ရံခါမှ ပူတင်းကိတ် တစ်ခုလောက်မှာစားတတ်တဲ့ အမျိုးသမီးဟာ သူပါလာတဲ့စာအုပ်တစ်အုပ် ဒါမှမဟုတ် ဖုန်းတစ်လုံးနဲ့ ငြိမ်သက်နေတဲ့ နေ့မျိုးလဲ တွေ့ရသလို ....

ကော်ဖီစက်နောက်မှာ လုပ်စရာရှိတာတွေ လုပ်ရင်း သူမဆီစိုက်စိုက်ရောက်လာတတ်တဲ့ မျက်လုံးနက်နက် တစ်စုံနဲ့ ဖျတ်ကနဲ အကြည့်ချင်းဆုံတတ်တာမျိုးလဲရှိတယ်။

မျက်ဝန်းနက်နက် Baristaကောင်လေးဖျော်ပေးတဲ့ ကာပူချီနို ကိုသောက်ပြီး .... ဝန်ခံလိုက်ပေါ့မင်း ချစ်တယ်ဆိုလည်း
ကြာရင်ငါရူးလိမ့်မယ် ......ဆိုတဲ့ သီချင်းသံလေးကြားရင်
လက်ထဲကစာအုပ်ကိုခဏချပြီး နားစွင့်နေတတ်တယ်။
အဲ့လိုအချိန်မျိုးကျရင် အမျိုးသမီးရဲ့ဖြူဖွေးတဲ့ မျက်နှာမှာ ပန်းရောင်သမ်းလာတယ်လို့တောင် ထင်ရပါတယ်။

နွေဦးနေ့လည်ခင်း တော်တော်များများမှာ အမျိုးသမီးဟာ ကော်ဖီဆိုင်လေးကို ရောက် ရောက် လာတတ်ခဲ့တယ်။

မှန်တွေအပြည့်ကာထားတဲ့ ကော်ဖီဆိုင်ဖြူဖြူလေးဟာ လင်းပပြီး ချစ်စရာကောင်းတယ်။ ဆိတ်ငြိမ်ရပ်ကွက်တစ်ခုရဲ့ ခြံဝင်းထဲမှာ ဖွင့်ထားတာမို့ အနီးအပါး ပတ်ဝန်းကျင်က လူတစ်ချို့ နေ့ခင်းနေ့လည် လာထိုင်တာမျိုး ၊ စကားအေး‌ေအးဆေးဆေး ပြောဖို့ ဆုံကြတာမျိုးသာရှိလို့ လူစည်ကားနေတာမျိုး မရှိတဲ့ ဆိုင်လေးပါ။

ခြံအပြင်မှာကားရပ်ထားခဲ့ပြီး မြက်ခင်းတွေအလည်က ကွန်ကရစ်လမ်းလေးကို ဖြတ်လျှောက်ပြီးမှ ကော်ဖီဆိုင်လေးထဲ ဝင်လာရတာပါ။ ခြံထဲမှာ တရုတ်စံကားအဖြူတစ်ပင် ပန်းနုရောင်တရုတ်စကားတစ်ပင် မြက်ခင်းစိမ်းအလည်မှာ ထီးထီးစိုက်ထားတာ အတော်တောင်မြင့်နေပြီ။ မြက်ခင်းစိမ်းစိမ်းပေါ်ကို တရုတ်စံကားပန်းတွေ ကြွေကျနေတဲ့မြင်ကွင်းဟာ နွေဦးနေ့လည်ခင်းတွေနဲ့ လိုက်လျောညီထွေရှိလှတယ်။

ကော်ဖီဖျော်တဲ့ဘားလေးကနေကြည့်လိုက်ရင် ဆိုင်ထဲဝင်လာသမျှလူအားလုံးကို မှန်တံခါးကတစ်ဆင့် စီးထားတဲ့ ဖိနပ်လေးကအစ မြင်နေရတာမျိုး။

အမျိုးသမီးရောက်လာတတ်တဲ့ နေ့ရက်အချို့မှာကောင်လေးအလုပ်နားတဲ့ရက်နဲ့ ကြုံရင်တော့မျက်လုံးနက်နက်တွေနဲ့ မဆုံဖြစ်ခဲ့တဲ့ နေ့မျိုးတွေပေါ့။ဒီလိုနေ့ရက်မျိုးတွေမှာလည်း ကာပူချီနို တစ်ခွက်နဲ့ သူမကို မြင်ရတာ သက်တောင့်သက်သာပါပဲ။
ဘယ်သူမှ မရှိတဲ့ကမ္ဘာထဲမှာ ဘယ်သူ့ကိုမှ မလိုအပ်တဲ့ပုံစံမျိုးနဲ့။
တကယ် မလိုအပ်တာမျိုးလည်း ဖြစ်နိုင်တာပဲလေ။

အဲဒီနေ့က....
အမျိုးသမီးဟာ ကော်ဖီဆိုင်လေးရဲ့အပြင်ဘက်မှာ အပွင့်တွေ ခဲနေအောင်ပွင့်တဲ့ တရုတ်စံကားပင်ကို ငေးရင်း မှာထားတဲ့ကော်ဖီကို စောင့်နေခဲ့တယ်။ မျက်လွှာကိုစင်းချထားတတ်တဲ့ မျက်ဝန်းနက်နက် barista လေးရဲ့ရင်ထဲမှာကရော ပုံမှန်ထက် လှုပ်ခတ်နေတာများလား။

အဲ့ဒီနေ့က.....
ကာပူချီနိုရဲ့ ခရင်မ်အမြှုတ်တွေပေါ်မှာ အမြဲတွေ့နေကျ ကနုတ်ပန်းပုံအစား... .. မ ...ဆိုတဲ့ မပီဝိုးတစ်ဝါး စာလုံးလေးကို မြင်လိုက်ရတဲ့ ခဏမှာတော့ အမျိုးသမီးရဲ့ နီညိုရောင်ရင့်ရင့်လက်သည်းဆိုးဆေးဆိုးထားတဲ့ လက်ချောင်းဖြူဖြူလေးတွေ အနည်းငယ်တုန်ရီနေခဲ့သလိုပါပဲ။
ဘယ်ဘက်လက်သူကြွယ်မှာဝတ်ထားတဲ့ တစ်ပွင့်စိန်လက်စွပ်လေးက တဖြတ်ဖြတ်ခါနေခဲ့တာ သူမလက်ချောင်းလေးတွေ တုန်ရီနေလို့များလား။

မရဲ့နံဘေးမှာရှိနေချင်သေးတယ်...မအသံလေးလေးတွေကြားနေချင်သေးတယ်..... ဆိုတဲ့ သီချင်းသံကလည်း ကော်ဖီဆိုင်လေးထဲမှာ ပျံ့လွင့်လို့။ ကော်ဖီဖျော်စက်နောက်က မျက်ဝန်းတွေကလည်းခါတိုင်းနေ့တွေထက် ပိုပြီးနက်တောက်လို့။ အမျိုးသမီးရဲ့ ပါးပြင်ဟာ နီထွေးလို့။

လဲ့ဖြာနေတဲ့ မျက်ဝန်းလေးတွေနဲ့ သူမဟာ မိန်းမငယ်လေးတစ်ယောက်နဲ့တောင် တူနေသလိုပါပဲ။

သူမက သူမလက်ကလေးတွေတုန်ရီနေတာကို ဘယ်သူမှ မရိပ်မိစေချင်လို့လား ဒါမှမဟုတ်ကော်ဖီခွက်ထဲမှာရေးထားတဲ့ မ ဆိုတဲ့ စာလေးကို ဒီအတိုင်းလေးထားခဲ့ချင်တာလား ...

အဲ့ဒီနေ့က.....
ကော်ဖီခွက်ကလေးကို‌ ထိတောင် မသွားခဲ့ပါဘူး ။

အမျိုးသမီးဟာ ကျသင့်ငွေတစ်ချို့ကို စားပွဲပေါ်မှာ တင်ခဲ့ပြီး ကော်ဖီဆိုင်လေးရဲ့ခြံအပြင်မှာရပ်ထားတဲ့ သူမရဲ့ကား နီညိုရောင်ပေါ်ကို ပုံမှန်ခြေလှမ်းတွေနဲ့ပဲ လှလှပပ‌လေးလျှောက်သွားခဲ့ပါတယ်။ နီညိုရောင်ဆံနွယ်တွေက ကျောပေါ်မှာ ဖြာဝဲလို့ ၊ ပိုးသားအကျီခပ်ပျော့ပျော့ကို စကဒ်ရှည်ရှည်ပျော့ပျော့လေးနဲ့တွဲဝတ်ထားတဲ့ သွယ်လျလျအမျိုးသမီးကို မြင်ရတာ ပိုးစလေးတစ်စ လေထဲမှာလွင့်သွားသလို နုနုညက်ညက်ရှိလှတယ်။

မိနစ်တွေအကြာကြီးပဲလို့ ထင်ရတယ်။ ကော်ဖီဆိုင်ခြံပြင်က ကားပါကင်မှာ နီညိုရောင်ကားဟာ ရပ်လျက်သားရှိနေခဲ့ပါတယ်။ အဲဒါဟာ တစုံတစ်ခုကို စောင့်ဆိုင်းနေခြင်းလား၊ တစုံတစ်ခုကို ရပ်တန့်လိုက်ခြင်းလားဆိုတာတော့ အမျိုးသမီးကိုယ်တိုင်ကလွဲလို့ ဘယ်သူမှ သိနိုင်မယ်မထင်ပါဘူး။

နီညိုရောင်ကားဟာ အတော်ကြာရပ်နေခဲ့ ပြီးမှ...တလိမ့်ချင်း ဖြေးဖြေးချင်း
ကော်ဖီဆိုင်လေးရဲ့ အဝေးကိုပေါ့။

ကော်ဖီဖျော်စက်နောက်က မျက်ဝန်းနက်တွေဟာ ဆိုင်ရဲ့ မှန်တံခါးကတစ်ဆင့်မြင်ရတဲ့ ကားနီညိုရောင်လေးကို လှမ်းကြည့် ရင်လည်း ကြည့်နေမှာပါ။ လုပ်လက်စအလုပ်တွေလုပ်ရင်း မျက်လွှာစင်းစင်းချထားတာမျိုးလည်း ဖြစ်နိုင်တာပါပဲလေ။

ဒီလိုနဲ့.................

နွေဦးနေ့လည်ခင်းတွေဟာ ကော်ဖီဆိုင်လေးထဲမှာဆက်ပြီးရှိနေတုန်းပါပဲ။

ကာပူချီနိုတစ်မျိုးတည်းသာ စွဲစွဲမြဲမြဲသောက်တတ်တဲ့ ဆံနွယ်ညိုညို အသားဖြူဖြူ အမျိုးသမီးတစ်ယောက်ကိုတော့ ကော်ဖီဆိုင်လေးထဲမှာ မတွေ့ရတာရက်အတော်ကြာခဲ့ပါပြီ။

ကော်ဖီဖျော်စက်နောက်က မျက်လုံးစင်းစင်းနက်နက်တွေက တစ်ခါတစ်ခါ မှန်တံခါးအပြင်က ကားပါကင်နေရာကို လှမ်းမျှော်ကြည့်‌ေနတတ်ပါတယ်။

အပြောင်းအလဲတစ်ခုက ကော်ဖီဆိုင်လေးထဲမှာကြားရတတ်တဲ့ ဝန်ခံလိုက်ပေါ့မင်း ချစ်တယ်ဆိုလဲ ကြာရင်ငါရူးလိမ့်မယ်..... ဆိုတဲ့ သီချင်းသံလေးအစား ပီယာနိုသံ ခပ်တိုးတိုးသာ ကော်ဖီရနံ့နဲ့အတူ လိုက်ဖက်စွာ လွင့်ပျံ့နေတာပါပဲ။

ကော်ဖီဆိုင်ကလေးကတော့ ကော်ဖီရနံ့တသင်းသင်းနဲ့ ပုံမှန်လည်ပတ်နေမြဲပါပဲ။ တရုတ်စံကားပန်းတွေကလည်းခဲနေအောင်ပွင့်ဆဲ။ မှန်တံခါးမှာ Open daily 9am to 9pm လို့ရေးထားတဲ့ ကော်ဖီဆိုင်လေးရဲ့ အဝင်ဟာလည်း သိမ်သိမ်မွေ့မွေ့ တိတ်တိတ်ဆိတ်ဆိတ် ပိတ်သွားလိုက် ဖွင့်သွားလိုက်နဲ့ပေါ့။

တစုံတယောက်ကို စောင့်မျှော်နေတတ်တဲ့ မျက်လုံးစင်းစင်းနက်နက်တွေရယ် ၊ မျှော်လင့်နေပါလျက် ရောက်လို့မလာတဲ့ ဆံနွယ်ညိုညို အမျိုးသမီးတစ်ယောက်ရယ် အကြောင်းကတော့ အချိန်နည်းနည်းကြာလာရင် တရုတ်စကားပွင့်လေးလို ကြွေကျသွားလိမ့်မှာပါပဲလေ။

တစ်ခါတစ်ရံ အချို့အကြောင်းအရာတွေက ခေါင်းစဉ်တပ်ရ ခက်တယ် မဟုတ်လား။ မျက်ဝန်းချင်းဖျတ်ကနဲဆုံ‌တွေ့ရတဲ့ ခဏတာဆိုတာက
ခေါင်းစဉ်တပ်ရလောက်အောင်လည်း အရေးမကြီးလှပါဘူးလေ။ဒီလိုပဲ တွေးရတော့မှာပေါ့။

ဒီလိုနဲ့ပဲ ဒီစာပိုဒ်လေးရဲ့ အပေါ်ဆုံးမှာ ခေါင်းစဉ်ရယ်လို့ မဟုတ်ပဲ ကဖေး(Cafe) လို့ပဲ ရေးလိုက်ပါတယ်။

Letters to the Quiet

住所

Osaka, Osaka

ウェブサイト

アラート

Letters to the Quietがニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

共有する

カテゴリー