19/03/2026
ကြေပါတယ် မအေးစိန် ကြေပါတယ် ............................................................(ယာယာ)
ချစ်သောမအေးစိန်
ကျောင်းလက်စ နွားကို ကြိုးချည်ပြီး
ဆေ့ဗ်ထားတဲ့ ဓာတ်ပုံလေးကို
ခဏခဏ ဖွင့်ကြည့်မိတယ်
မအေးစိန်ဟာ ကျွန်တော့်ရဲ့ နေ့စဉ်တက်နေကျ
ဖေ့စ်ဘုတ်ဖြစ်လာတယ်
ကျွန်တော်ကတော့ မအေးစိန်ဖြတ်သွားနေကျ
လမ်းပေါ်က
မအေးစိန် မသိတဲ့ ဆိုင်းဘုတ်လေးတစ်ခုပါပဲ
ဒီစာတွေအများစုကို
ကျောင်းဆရာလေးရေးပေးတာပါ မအေးစိန်
မက်ဆင်ဂျာကနေ ပို့လိုက်ပါတယ်
သူ့ကိုမှ ချစ်မိနေပါတယ် ... လို့
မအေးစိန်မျက်နှာလေးပုံဖော်စိတ်ကူးပြီး
ပျော်ရွှင်စွာ အော်ဆိုနေမိတယ်
ချစ်တယ်ဆိုတာ
ဖလသမာပတ်ဝင်စားရတာမျိုးပါ မအေးစိန်
ကိုရင်ကြီးက အဲ့သလိုပြောပါတယ်
ချစ်သောမအေးစိန်
ကျွန်တော်တို့ဘိုးဘေးတွေကြောင့်ဖြစ်ခဲ့ရတဲ့
မငြိမ်းချမ်းမှုတွေကို
တတ်နိုင်သလောက်ကြိုးစားဖြေရှင်းမယ်
လိုအပ်လာရင် ဆက်ဖြေရှင်းနိုင်ဖို့
ကလေးတွေမွေးရအောင် ကျွန်တော့်ကိုချစ်ပါ
မအေးစိန်
ခရမ်းသီးတွေပိုးကျမှာ စိုးရိမ်နေရသလိုမျိုး
မအေးစိန် တခြားတစ်ယောက်နဲ့တွဲသွားမှာ
ကျွန်တော်လည်း အမြဲစိုးရိမ်နေရတယ်
ကျောင်းဆရာတွေ
ဘူရှီဒိုတွေအကြောင်းပြောတဲ့အခါ
ဒါရုမန်းအကြောင်းပြောတဲ့အခါ
မစ်ဆူဘီရှီနဲ့ရှင်ဇိုအာဘေးအကြောင်း
ပြောတဲ့အခါ
ဆာရှီမီနဲ့ဆာကေးအကြောင်းပြောတဲ့အခါ
အရင်လိုမဟုတ်ဘဲ
မအေးစိန်ကိုအရင်ဆုံးသတိရပြီးမှ
နားထောင်ဖြစ်တော့မယ်
မအေးစိန် ဂျပန်ပြည်မှာ အလုပ်လုပ်ရတာ
အဆင်ပြေပါစေ
ရေပိုက်ပြင်တဲ့လူနဲ့လည်း
မတိုးပါစေနဲ့
တိုကျိုမြို့ကြီးမဖြစ်ချင်ဘူး မအေးစိန်
မအေးစိန် ပြန်လာမယ်ဆိုတဲ့
ဒီရွာလေးပဲဖြစ်ချင်တယ်
ဆာမူရိုင်းတစ်ယောက်ဟာ
ရန်သူကိုမကြည့်ဘဲ
ဓားရှည်နဲ့ခုတ်ချနိုင်တယ်
ဒါဟာ သူ့ကိုယ်သူအထင်ကြီးတာလည်း
မဟုတ်သလို
ကံကိုယုံပြီးဆူးပုံနင်းတာလည်းမဟုတ်ဘူး
တစ်သက်လုံးလေ့ကျင့်လာတဲ့
သူ့ပညာသူယုံကြည်တာပဲဖြစ်တယ်
ဖေ့စ်ဘုတ်ပေါ်ကလူကြီးက အဲသလို ပြောတာပဲ
ကျွန်တော် အဲသလိုချစ်ပါတယ် မအေးစိန် ...
အခုတော့ မအေးစိန်လည်း အေးစံဖြစ်နေရောပေါ့
ချယ်ရီတွေဝေနေတဲ့မနက်တစ်ခုမှာ
အမိတာဘဗုဒ္ဓရုပ်ထုနဲ့
လက်ဖက်ရည်ပွဲတစ်ပွဲနဲ့
အိခဲဘာနပန်းအိုးတစ်အိုးနဲ့
သားမြီးယပ်တစ်ချောင်းနဲ့
ကိုယ့်အချစ်တွေနဲ့
ဆာတိုရီရပါစေ မအေးစိန်
ဒီဟာက ဇင်တရားတွေဖတ်တတ်တဲ့
ဦးဘိုကေရေးပေးတာပါ မအေးစိန်
ရွာမှာတော့ လူတွေကထုံးစံအတိုင်းပါပဲ
အရုဏ်တက်ရင်ရေနွေးအိုးတည်
ထမင်းကြမ်းစား ဘုရားရှိခိုးပြီး
ယာထဲသွားကြတာပါပဲ
တစ်နေကုန်ရသမျှလေးငါးထောင်လေးလည်း
ဥပုသ်တို့အလှူတို့ကျ သွားထည့်လိုက်ကြတာပါပဲ
အဆင်ပြေပါတယ်မအေးစိန်
မင်္ဂလာနံနက်ခင်းလေးပါလို့ မအေးစိန်ကို
မနက်တိုင်းနှုတ်ဆက်ချင်ပါတယ်နော်
ရှင်ဇုအိုကာမှာ
အရုဏ်တက်ချိန် ဖြည်းဖြည်းချင်းလမ်းလျှောက်ပါ
zazenထိုင်ပါ
၁၆ရာစုက နှင်းကြွင်းတွေ ရှာကြည့်ပါ
မြစ်ကိုငေးရင်း အမေ့အိမ်သီချင်းဆိုပါ
ရှင်ဇုအိုကာမှာ
ပျော်ရွှင်ပါစေ မအေးစိန်
ကြေကွဲစရာတွေ ရေးပြရင်
ကြေကွဲဖို့ထက် သမ်းဝေဖြစ်ကြမယ်
ချစ်တယ်လို့ ရိုးရိုးသားသားပြောလို့မရဘူး မအေးစိန်
လူတွေကော မအေးစိန်ကော
ဘာလို့များရှုပ်ထွေးနေရပါလိမ့်
ကနေ့ မအေးစိန်ကိုသတိရလို့
ဆံပင်ညှပ်လိုက်တယ်
ပွတ်ချွန်း၆လိပ်ကုန်တယ် မအေးစိန်
ခက်ခက်ခဲခဲပဲရရ လွယ်လွယ်ကူကူပဲရရ
ဘာမှ အရသာမရှိဘူး မအေးစိန်
သတိရတယ်ဆိုတာ ချိုမြိန်ပါတယ်ကွာလို့
ပြောပြီးလှည့်ပြန်မယ့်မြေခွေးဟာ
ကျွန်တော်ပါပဲ မအေးစိန်
မနက်တိုင်းကြက်ကလေးတွေကိုအစာကျွေးပါ
ညနေအလုပ်ကပြန်လာရင်
ကြက်ကင်ဝယ်စားပါ မအေးစိန်
ဒက်စပါစီတိုဖွင့်ပြီး ကပါ မအေးစိန်
သမ်းဝေမှုဆိုတာ
ကျွန်တော်တို့ခေတ်ရဲ့idolပဲ
ကျွန်တော်ပြောတာနားထောင်ပြီးရင်
သမ်းပါ အားပါးတရ
စိတ်ညစ်လာရင်
နှပ်ချေးဖတ်လေးကလော်ပြီး
သူများထိုင်ခုံမှာသွားသုတ်လိုက်ပါ
ဘဝဆိုတာ...လို့အစချီတဲ့စကားတွေက
အားယားနေတဲ့လူတွေပြောတာ
အပြစ်ကင်းတာဟာ ချစ်ခြင်းပါ မအေးစိန်
သမ္မတဖြစ်ရမှာထက် မအေးစိန်ရဲ့ငယ်ဖော်လေး
ဖြစ်ရတာ ဂုဏ်ယူတယ်
မအေးစိန် ယုန်ကလေးနဲ့တူပါပေတယ်
မအေးစိန် ကျွေးတဲ့ထမင်းတွေ
ထပ်စားချင်ပါတယ်
ကြေပါတယ် မအေးစိန်
ကြေပါတယ် ကြေပါတယ်
*မကြေနိုင်ရင် ခွင့်မလွှတ်နဲ့ ခွင့်မလွှတ်နဲ့ မုန်း
နာစရာပဲ မအေးစိန် ။
- ယာယာ , ၂၀၁၇ ၊
(*ကျော်ဟိန်း - ကိုယ်တွေ့မှတ်တမ်း၊ခေါင်းစဉ်မှာ
ကောလိပ်ဂျင်နေဝင်း ရုပ်ရှင်ကားတစ်ကား နာမည်)